ထိုင်းတွင် မဲခေါင်မြစ်ရေမြင့်တက်လာမှုကြောင့် မိကျောင်းများ လွတ်မသွားစေရေး သတိပေး

1.3K
မဲခေါင်မြစ်ရေ မြင့်တက်လာမှုကြောင့် ထိုင်းနိုင်ငံ နွန်ခိုင်ခရိုင်ထဲက မိကျောင်းမွေး မြူရေးစခန်းတွေထဲက မိကျောင်းတွေ လွတ်သွားတာမျိုးတွေ ရှိမလာဖို့ သတိပေးချက်တွေ ထုတ်ပြန်နေပါတယ်။
လတ်တလော အချိန်ထိ မဲခေါင်မြစ်ရေဟာ သိသိသာသာ မြင့်တက်လာနေခဲ့ကာ ဒီ ကနေ့မှာတော့ ၇ ဒဿမ ၂၇ မီတာထိ ရောက်ရှိနေပြီး မနေ့ကထက် ၄၁ စင်တီမီတာ ပိုမို မြင့်တက်လာခဲ့တာဖြစ်တယ်လို့ ခရိုင်မိုးလေဝသဌာနက ထုတ်ပြန်ထားပါတယ်။
အရင်ကလည်း ထိုင်းနိုင်ငံမှာ မိုးတွင်းကာလ ရေကြီးရေလျှံမှုတွေကြောင့် မိ ကျောင်းမွေးမြူရေးစခန်းတွေက မိကျောင်းတွေ လူရေရပ်ကွက်တွေထဲထိ လွတ်သွားတာမျိုးတွေ ရှိခဲ့ဖူးတာမို့ ခုလိုသတိပေးချက်တွေ ထုတ်ပြန်နေရတာ ဖြစ်ပါတယ်။
နွန်ခိုင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာန အကြီးအကဲ ဆူရီရာ ဂျောင်ယိုသာနဲ့ တာဝန်ရှိသူတွေဟာ မိကျောင်းအကောင် ၁၇၀ လောက် မွေးမြူထားတဲ့ ဒေသတွင်း မိကျောင်း မွေးမြူရေးစခန်း ၃ ခုဆီ သွားရောက်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကြပြီး ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး စနစ်တကျပြင်ဆင်ထားကြဖို့၊ သက်ဆိုင်ရာက ထုတ်ပြန် ထားတဲ့ ညွှန်ကြားချက်တွေကို လိုက်နာကြဖို့ သတိပေးခဲ့ကြတာ ဖြစ်ပါတယ်။