ကယားပါတီသစ်တခု တည်ထောင်

ကယားပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နုတ်ထွက်ထားသူတွေစုပြီး ကယားတိုင်းရင်းသားပါတီတခု ထူထောင်လိုက်ပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇွန် ၁၁ ရက်နဲ့ ၁၂ ရက်တို့မှာ ကယားပါတီ ၂ ခုကို ရှေဆင့်နောက်ဆင့် တည်ထောင်ခွင့်ပြုလိုက်တဲ့ထဲ ဦးအောင်တင်ပါ ၁၆ ဦး လျှောက်ထားတဲ့  ကယားလူမျိုးစု ဒီမိုကရေစီပါတီဟာ အန်အယ်လ်ဒီပါတီဝင်ဟောင်းတွေနဲ့ ဖွဲ့စည်းထားတာပါ။ ပါတီထူထောင်ရတဲ့အကြောင်းကို ဥက္ကဋ္ဌ ဦးအောင်တင်က “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်အနေနဲ့ ကျနော်တို့က ပါခဲ့တယ်လေ။ ဒါပေမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လုပ်ဆောင်ချက်က ကျနော်တို့အပေါ်မှာ မျှတမှုမရှိလို့ ကျနော်တို့အားလုံးနုတ်ထွက်ပြီး ကယားလူမျိုးစုံဒီမိုကရေစီပါတီ ထောင်လိုက်တာပါ” လို့ ဆိုပါတယ်။ ပါတီရဲ့ မူဝါဒက ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရမယ်၊ တန်းတူအခွင့်အရေးရှိရမယ်၊ လူမျိုးစုအခွင့်အရေး အပြည့်အ၀ရရှိရမယ်ဆိုတဲ့ အခြေခံမူအပေါ် ရပ်တည်သွားမယ်လို့လည်း ပြောပါတယ်။ ကယားလူမျိုးစုဒီမိုကရေစီပါတီအနေနဲ့ ပြည်နယ်လူထုရဲ့ ထောက်ခံမှုအပြည့်အ၀ရမယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။ “လုံးဝယုံကြည်တယ်။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာလည်း ကယားပြည်နယ်မှာ ကျနော်တို့အနိုင်ရခဲ့တယ်။ အနိုင်ရခဲ့တဲ့ အဖွဲ့အစည်းကနေမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ပါဝင်လှုပ်ရှားခဲ့တယ်။ တပြည်လုံးအတိုင်းအတာဆောင်ပြီး လုပ်ခဲ့တာတောင်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လုပ်ဆောင်ချက်ကို သူတို့လုံးဝအသိအမှတ်မပြုဘူးဆိုတော့ ကျနော်တို့ လုံးဝ စိတ်ကုန်သွားတယ်။ ဒါကြောင့် ကျနော်တို့ ဆက်လုပ်ရင် ကယားတပြည်နယ်လုံး လှုပ်ရှားနိုင်မယ်လို့ ယုံကြည်တယ်။” ကယားလူမျိုးစုဒီမိုကရေစီပါတီအပြင် နောက်ထပ်တည်ထောင် ခွင့်ပြုလိုက်တဲ့ပါတီက လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ (ကယားပြည်နယ်) ဖြစ်ပြီး ၂၀၁၀ ကတည်းက တည်ထောင်ခွင့် လျှောက်ထားခဲ့တဲ့ပါတီဖြစ်တယ်။ အဲ့ဒီတုန်းက တည်ထောင်ခွင့်မပြုဘဲ အခုမှ တည်ထောင်ခွင့်ရတဲ့ပါတီ ဖြစ်တယ်လို့ သိရပါတယ်။ ကယားပြည်နယ်မှာ လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ အခုထပ်ပြီး တည်ထောင်ခွင့်ပြုလိုက်တဲ့ ကယားပါတီ ၂ ခုတို့ ရှိနေပြီး ၂၀၁၀ ရွေးကောက်ပွဲတုန်းကတော့ ပြည်ခိုင်ဖြိုးပါတီကပဲ တပြည်နယ်လုံး အနိုင်ရထားတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up