အမည်မဖော်နိုင်သည့်အရာဝတ္ထု ၅ ခု ဖြတ်ပျံနေပုံကို ရုရှားအာကာသယာဉ်မှူး ရိုက်ကူးဖြန့်ချိ

2.9K
အန္တာတိက တိုက်ပေါ်ကို ဖြတ်ပြီး ပျံသန်းနေတဲ့ အမျိုးအမည် မဖော်ထုတ်နိုင်တဲ့ အရာဝတ္ထု ငါးခုကို တွေ့ခဲ့တယ်လို့ ပြောရင်း ဒက္ခိဏအလင်းတန်းတွေကို ရိုက်ကူးထားတဲ့ရုပ်သံကို ရုရှား အာကာသယာဉ်မှူး အိုင်ဗန်ဗဂ္ဂနာက သြဂုတ်လ ၁၉မှာ ဖြန့်ချိလိုက်ပါတယ်။
“အရာဝတ္ထုငါးခုဟာ တခုနဲ့တခု တူညီတဲ့ အကွာအဝေးကနေ ပျံသန်းနေတယ်။ အဲဒါ ဘာတွေလို့ထင်လဲ၊ ကြယ်တံခွန်တွေလား၊ ဂြိုဟ်တုတွေလား” လို့ ဗဂ္ဂနာက တွစ်တာလူမှုကွန်ရက် ပေါ်မှာ ရုပ်သံကိုတင်ရင်း ရေးခဲ့ပါတယ်။
နောက်ထပ် သုတေသနတွေ လုပ်နိုင်ဖို့ ရုရှားအာကာသအေဂျင်စီ ရော့စ်ကော့စ်မော့်စ်ဆီကို ရုပ်သံ ပို့ခဲ့တယ်လို့လည်း သူက ပြောပါတယ်။
ဗဂ္ဂနာဟာ တခြား ရုရှားအာကာသယာဉ်မှူး အိုင်ဗန်နစ်ရှင်နဲ့ နာဆာအာကာသယာဉ်မှူး ခရစ်စတိုဖှာကတ်ဇီဒီတို့နဲ့အတူ ၂၀၂၀ ဧပြီမှာ နိုင်ငံတကာအာကာသစခန်းကို သွားခဲ့သူဖြစ်ပြီး သူတို့ဟာ အောက်တိုဘာလမှာ ကမ္ဘာမြေဆီ ပြန်လာဖို့ မျှော်လင့်ထားပါတယ်။