ဘေရွတ်လုပ်ကြံမှုနှင့်ပတ်သက်၍ ဟစ်ဇ်ဘိုလာအဖွဲ့ဝင် ၁ ဦးကို အပြစ်ရှိကြောင်း ICJ ဆုံးဖြတ်

၂၀၀၅ ခုနှစ် ဘေရွတ်မှာ ဖြစ်ပွားခဲ့တဲ့ လုပ်ကြံမှုတခုမှာ ဟစ်ဇ်ဘိုလာအဖွဲ့ဝင်တစ်ယောက် ပြစ်မှုထင်ရှားတယ်လို့ နိုင်ငံတကာတရားရုံး (ICJ) က ဆုံးဖြတ်လိုက်ပါတယ်။
၂၀၀၅ ခုနှစ်တုန်းက လက်ဘနွန်နိုင်ငံ မြို့တော်ဘေရွတ်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ပြီး ဝန်ကြီးချုပ်ဟောင်း ရာဗစ်ဟာရီရီနဲ့အတူ တခြားလူပုဂ္ဂိုလ် ၂၁ ယောက် သေဆုံးခဲ့တာပါ။
ဒီဖြစ်ရပ်မှာ လုပ်ကြံခံရတဲ့ လက်ဘနွန်ဝန်ကြီးချုပ်ဟောင်းရဲ့သားဖြစ်သူ ဆာအိအယ်ဟာရီရီက သူ့ဖခင်အတွက် တရားမျှတမှုရှိရေး တောင်းဆိုလိုက်ပါတယ်။
သြဂုတ် ၁၈ ရက်က သည်ဟိဂ်မြို့မှာ ဟာရီရီက (ICJ) ဆုံးဖြတ်ချက်ကို လက်ခံပြီး တရားမျှတစွာ ချမှတ်မယ့်အမိန့်ကို စောင့်စားနေတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။
ဆာအိအယ်ဟာရီရီဟာလည်း လက်ဘနွန်ဝန်ကြီးချုပ်ဟောင်းတစ်ဦးဖြစ်ပြီး ဇန်နဝါရီလတုန်းက ရာထူးက နုတ်ထွက်သွားခဲ့တာပါ။
ဟာရီရီက “နိုင်ငံရေးအတွက် ပြစ်မှုကျူးလွန်ပြီး အပြစ်ပေးမခံရတဲ့၊ ပြန်မပေးဆပ်ရတဲ့ ခေတ်က ကုန်သွားပြီ” လို့ ပြောပါတယ်။
ဒါ့အပြင် လူပေါင်း ၁၇၀ ကျော် သေဆုံးပြီး ပျက်စီးမှု အဆမတန်များခဲ့တဲ့ သြဂုတ် ၄ ရက် ဘေရွတ်ဆိပ်ကမ်း ပေါက်ကွဲမှုမှာ ထိခိုက်နစ်နာသူတွေအတွက် အမှန်တရား ပေါ်ထွက်ရေးနဲ့ တရားမျှတမှုရှိရေးကိုလည်း ဟာရီရီက တောင်းဆိုခဲ့တယ်လို့ ရိုက်တာသတင်းက ရေးပါတယ်။