မက်ဆီ အသင်းပြောင်းပါက ဘာစီလိုနာကလပ်အမည်ကိုပါ ပြောင်းလဲရလိမ့်မည်ဟု အီတူးပြော

925
တိုက်စစ်မှူးမက်ဆီ အသင်းကနေ ထွက်ခွာမယ်ဆိုရင် ဘာစီလိုနာအသင်းရဲ့ အမည်ကိုပါ ပြောင်းလဲရလိမ့်မယ်လို့ တိုက်စစ်မှူးဟောင်း အီတူးက ပြောပါတယ်။
ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ဥရောပမှာ အောင်မြင်မှုမရခဲ့တာကြောင့် စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်တော့တဲ့ မက်ဆီဟာလည်း ထွက်ခွာနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။
မက်ဆီနဲ့အတူ ဘာစီလိုနာမှာ တွဲဖက်ကစားခဲ့ဖူးတဲ့ အီတူးကတော့ ဘာစီလိုနာနဲ့ မက်ဆီ ဆိုတာ တသားတည်းရှိနေတာဖြစ်ပြီး မက်ဆီ အသင်းပြောင်းရွှေ့မယ်ဆိုရင် အသင်းအမည်ပါ ပြောင်းလဲရလိမ့်မယ်လို့ အီတူးက မှတ်ချက်ပေးခဲ့တာပါ။
မက်ဆီကို သားတစ်ဦးလို ချစ်မြတ်နိုးပြီး သူက ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူး ဖြစ်ကြောင်းနဲ့၊ မက်ဆီအတွက် အကောင်းဆုံးရာတွေသာ ဖြစ်လာစေချင်ကြောင်း အီတူးက ပြောပါတယ်။
ကင်မရွန်း ဂန္ထဝင်တိုက်စစ်မှူး အီတူးဟာ ဘာစီလိုနာမှာ ၂၀၀၄ ကနေ ၂၀၀၉ ခုနှစ်အထိ ကစားခဲ့ပြီး ဆုဖလား ၈ လုံး ရယူနိုင်ခဲ့ပါတယ်။