A d v e r t i s e m e n t With Us

ကွန်ဂို NDC-R သူပုန်အုပ်စု လက်နက်ချ

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံအရှေ့ပိုင်းက အကြီးဆုံးသူပုန်အုပ်စုတွေထဲက NDC-R  သူပုန်အုပ်စုရဲ့ တပ်ဖွဲ့ဝင်တွေဟာ သူတို့ခေါင်းဆောင်ကို လူ့အခွင့်အရေး အလွဲသုံးစားမှုနဲ့ စွပ်စွဲဖြုတ်ချအပြီး တလအကြာ သြဂုတ် ၁၇ ရက်မှာ လက်နက်ချ အညံ့ခံလိုက်ပါတယ်။ NDC-R လက်နက်ကိုင်အုပ်စုဟာ ကီဗူးခရိုင်မြောက်ပိုင်းက ကျယ်ပြန့်တဲ့ဒေသကို ထိန်းချုပ်ထားပြီး တရားမဝင် ရွှေကုန်ကူးရာက ငွေရနေတာပါ။ ကုလသမဂ္ဂ ဒဏ်ခတ်မှုတွေရဲ့ ပစ်မှတ်ဖြစ်နေတဲ့ သူတို့ခေါင်းဆောင် ရှီမီရေးဂွေဒိုကို အဖွဲ့ထဲက နှင်ထုတ်လိုက်ပြီလို့ ဇူလိုင်လက ကြေညာလိုက်ပါတယ်။ ခုချိန်ဟာ နိုင်ငံအရှေ့ပိုင်း ငြိမ်းချမ်းရေးအတွက် ပါဝင်ဆောင်ရွက်ဖို့ အချိန်ပဲလို့ ပြည်သူ့စစ် ပြောခွင့်ရက လက်နက်ချပွဲမှာ ပြောပါတယ်။ အဖွဲ့တွင်း ဖြုတ်ထုတ်ရှင်းပြဿနာကို ရင်ဆိုင်ဖို့ ကြိုးစားရင်း အဖွဲ့ကွဲသွားတာ ဖြစ်နိုင်တယ်လို့ NDC-R အဖွဲ့ကို လေ့လာနေတဲ့ သုတေသနပညာရှင်တွေက ပြောပါတယ်။ ဂန့်ထ်တက္ကသိုလ်က သုတေသနပညာရှင် ခရစ္စတော့ဖ်ဗိုဂယ်လ်ကတော့ အုပ်စုတွင်း အဖွဲ့ကွဲ တခုက လက်နက်ချတာကို အကြမ်းဖက်မှုတွေ တိုက်ပွဲတွေရဲ့ အဆုံးသတ်လို့ ပြောဖို့ မလိုသေးဘူးလို့ ပြောပါတယ်။ တိုက်ပွဲဝင် သူပုန်စစ်သည်တွေ အနာဂတ်မှာ လက်နက်ပြန်ကိုင်တာမျိုး မလုပ်ဖြစ်အောင် တားဖို့ ဖွဲ့စည်းပုံ ခိုင်မာတဲ့ ဖြုတ်သိမ်းရေးအစီအစဉ် ချမှတ်ဖို့ လိုတယ်လို့လည်း သူက ပြောပါတယ်။ စစ်တပ်ပြောခွင့်ရ ဂွေလောင်မေ အန်ဒီခေခိုင်ကိုကတော့ တခြားပြည်သူ့စစ်အုပ်စုတွေလည်း လက်နက်ချကြဖို့ ဆော်သြရင်း လက်နက်ချရင် သူတို့အတွက်လည်း အကျိုးစီးပွားရှိတယ်လို့ ပြောပါတယ်။ လက်နက်ကို တရားမဝင် ဆက်ကိုင်ထားသူ အားလုံးလည်း အသိတရားရကြဖို့ သိပ်အရေးကြီးတယ်လို့ ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up