Home
ဆောင်းပါး
ပထမဆုံးအမျိုးသမီးအမတ်ကို စောင့်နေတဲ့ ပြည်နယ်လွှတ်တော်နှစ်ရပ်
DVB
·
August 19, 2020
၂၀၁၅ ရွေးကောက်ပွဲဟာ ၂၀၁၀ ရွေးကောက်ပွဲနဲ့ နှိုင်းယှဉ်ရင် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တွေအတွက် အခွင့်အလမ်းပိုများတယ်လို့ ဆိုနိုင်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲတုန်းက ပြည်ထောင်စုအဆင့်နဲ့ ပြည်နယ်နဲ့တိုင်းလွှတ်တော်တွေမှာ အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ် ၄၄ ဦးသာ အနိုင်ရခဲ့ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာတော့ ပြည်ထောင်စုနဲ့ ပြည်နယ်တိုင်း လွှတ်တော်တွေကို ဝင်ပြိုင်ရတဲ့ နေရာ ၁၁၅၀ မှာ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသမီးကိုယ်စားလှယ် အရေအတွက်ဟာ ၂၀၁၀ထက် သုံးဆခွဲလောက် တိုးလာခဲ့ပြီး ၁၅၁ ယောက်အထိ ရှိလာခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံက လွှတ်တော်တွေထဲမှာ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တွေ မရောက်သေးတဲ့ လွှတ်တော်နှစ်ခု ကျန်နေပါသေးတယ်။ ရွေးကောက်ပွဲ ကျင်းပလိုက်တိုင်း ချင်းပြည်နယ်နဲ့ ကယားပြည်နယ် လွှတ်တော်တွေမှာ အနိုင်ရခဲ့တာကတော့ အမျိုးသားတွေသာ ဖြစ်ခဲ့ပါတယ်။ တကယ်လို့များ ၂၀၂၀ ရွေးကောက်ပွဲမှာ ချင်း (သို့မဟုတ်) ကယားပြည်နယ် လွှတ်တော်နေရာ တစ်ခုခုမှာ အမျိုးသမီးတစ်ယောက် အနိုင်ရခဲ့မယ်ဆိုရင် ဒါဟာ အဲဒီပြည်နယ်လွှတ်တော်တွေအတွက် သမိုင်းတလျှောက် ပထမဆုံးသော အမျိုးသမီးကိုယ်စားလှယ် ဖြစ်လာမှာ ဖြစ်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ ချင်းပြည်နယ် လွှတ်တော်နေရာတွေအတွက် ကိုယ်စားလှယ်လောင်း (၆၃) ယောက် ဝင်ပြိုင်ခဲ့သလို ကယားပြည်နယ် လွှတ်တော်နေရာတွေအတွက် ကိုယ်စားလှယ်လောင်း ၃၁ ယောက်နဲ့ ဗမာတိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ်နေရာအတွက် တစ်ယောက် ရွေးကောက်ပွဲ ဝင်ခဲ့ကြပါတယ်။ ဒါပေမဲ့ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် တစ်ယောက်မှ အနိုင်မရခဲ့ပါဘူး။ ဘာကြောင့်ပါလဲ။ အဖြေကတော့ ရွေးကောက်ပွဲဝင်ခဲ့တဲ့ထဲမှာ အမျိုးသမီးတစ်ယောက်မှ မပါခဲ့တာကြောင့်ပါ။ လွှတ်တော်နှစ်ခုအတွက် ရွေးကောက်ပွဲဝင်ခဲ့ကြတဲ့သူ ၉၅ ယောက်လုံးက အမျိုးသားတွေချည်းပါပဲ။ နောက်ထပ် ငါးနှစ်အကြာ ၂၀၁၅ မှာလုပ်တဲ့ ရွေးကောက်ပွဲမှာတော့ ပြည်နယ်နှစ်ခုစလုံးမှာ ရွေးကောက်ပွဲဝင်ကြဖို့ အမျိုးသမီးတွေဟာ ကြိုးစားလာခဲ့ကြပါတယ်။ ဟားခါးမြို့မှာ တည်ဆောက်ထားတဲ့ လွှတ်တော်အဆောက်အအုံအသစ်ထဲမှာ ဝင်ရောက် ဆွေးနွေးနိုင်ဖို့အတွက် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တွေဟာ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ တောင်တန်းတွေ ထူထပ်တဲ့ မြန်မာနိုင်ငံအနောက်ဘက်ပိုင်းက ချင်းပြည်နယ်မှာ နေထိုင်ကြတဲ့ လူဦးရေ ၅ သိန်းနီးပါးထဲက တစ်ဝက်ကျော်က အမျိုးသမီးတွေပါ။ ဒါပေမဲ့ ပြည်နယ်လွှတ်တော်ထဲ ရောက်ဖို့ ၂၀၁၅ ရွေးကောက်ပွဲ ဝင်ပြိုင်ကြတဲ့ အမတ်လောင်း ၉၅ ယောက်မှာ အမျိုးသားတွေက ၉၃ ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး အမျိုးသမီးအနည်းငယ်သာ ပါဝင်ခဲ့ပါတယ်။ အဲဒီတုန်းက ချင်းဒီမိုကရေစီအဖွဲ့ချုပ်၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ ဇိုတိုင်းရင်းသားဒေသ ဖွံ့ဖြိုးရေးပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီတို့က တစ်ဦးစီနဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက နှစ်ဦး စုစုပေါင်း အမျိုးသမီးကိုယ်စားလှယ်လောင်း ခုနှစ်ဦးအထိ ဝင်ပြိုင်ခဲ့ကြပါတယ်။ ဒါပေမဲ့ တစ်ယောက်မှ ချင်းပြည်နယ်လွှတ်တော်ထဲ ရောက်မလာခဲ့ကြပါဘူး။ [caption id="attachment_405424" align="aligncenter" width="530"] Photo: Chin State Parliament’s Facebook[/caption] မြန်မာနိုင်ငံအရှေ့ပိုင်းမှာရှိတဲ့ ကယားပြည်နယ်မှာ လူဦးရေ  ၃ သိန်းနီးပါးနေထိုင်ပြီး အဲဒီထဲက တဝက်ဟာ အမျိုးသမီးတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ပြည်နယ်တွင်းက အမျိုးသမီး ၁၅၀,၀၀၀ လောက်ထဲက တစ်ဦး တစ်ယောက်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် မဖြစ်ခဲ့ဖူးပါဘူး။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လုပ်တဲ့ ရွေးကောက်ပွဲတိုင်းမှာ ကယားပြည်နယ် လွှတ်တော်အတွက် အနိုင်ရတဲ့ ကိုယ်စားလှယ်က အမျိုးသားတွေချည်းပါပဲ။ ၂၀၁၀ ရွေးကောက်ပွဲမှာ ပြည်နယ်လွှတ်တော် နေရာတွေအတွက် ဝင်ပြိုင်မယ့်အမျိုးသမီး တစ်ယောက်တောင် မရှိခဲ့သလို ၂၀၁၅ ရွေးကောက်ပွဲတုန်းကလည်း ဝင်ပြိုင်တဲ့သူ ၁၀၆ ယောက် မှာ အမျိုးသမီးက ၅ ရာခိုင်နှုန်း လောက်သာရှိပြီး လူဦးရေအားဖြင့် အမျိုးသမီး ၆ ယောက်သာ ရှိခဲ့ပါတယ်။ ဒီတစ်ကြိမ်လည်း အမျိုးသမီး တစ်ယောက်မှ အနိုင်မရခဲ့ပြန်ပါဘူး။ ကယားပြည်နယ်မှာ အမျိုးသမီးနိုင်ငံရေးသမားတွေ နည်းသွားတာဟာ စစ်အစိုးရကာလတလျှောက် ပြင်းပြင်းထန်ထန် ဖိနှိပ်ခဲ့တာနဲ့ ဆက်စပ်နိုင်တယ်လို့ လွိုင်ကော်အခြေစိုက် ဝါရင့်နိုင်ငံရေးသမားကြီး ဒေါက်တာခင်စည်သူက သုံးသပ်ပါတယ်။ စစ်အစိုးရလက်ထက်မှာ ကယားပြည်နယ်ဟာ တနိုင်ငံလုံးမှာ ကြက်ဆူပင်အများဆုံး စိုက်နိုင်တဲ့ ပြည်နယ်အဖြစ် မှတ်တမ်းဝင်ခဲ့တာက နိုင်ငံရေးမှာ ဖိနှိပ်မှု ဘယ်လောက်ကြီးခဲ့တယ်ဆိုတာကို ပြသရာ ရောက်တယ်လို့ NLD ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်း ဖြစ်တဲ့သူက ဆိုပါတယ်။ “(ကြက်ဆူပင် အများဆုံးစိုက်ခဲ့ကြရတယ်ဆိုတဲ့) အဓိပ္ပာယ်က ဘာလဲဆိုတော့ ဖိနှိပ်မှုအများဆုံး ပြည်နယ်ပေါ့။ အကြောက်တရားအများဆုံး ပြည်နယ်ပေါ့။ ဒီအကြောင်းကြောင့်လည်း အမျိုးသမီး နည်းသွားတာဖြစ်နိုင်တယ်” လို့ ၁၉၈၈ အရေးအခင်းမှာ ပါခဲ့တာကြောင့် လွိုင်ကော်ဆေးရုံက အစိုးရဝန်ထမ်း ဆရာဝန်အဖြစ်ကနေ အနားပေးခံခဲ့ရတဲ့ ဒေါက်တာခင်စည်သူက ဆိုပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာတော့ တိုင်းရင်းသားပါတီတချို့ဟာ အမျိုးသမီးတွေကို ပိုပြီး နေရာပေးဖို့အတွက် ကြိုးစားလာကြသလို အမျိုးသမီးတွေကလည်း ရှေ့တန်းရောက်လာကြပါတယ်။ ရှမ်းနဲ့ ကယား နှစ်ပြည်နယ်မှာ ရွေးကောက်ပွဲဝင်မယ့် ကယန်းအမျိုးသားပါတီက သူတို့ရဲ့ ကိုယ်စားလှယ်လောင်း ၁၀ ဦးမှာ ၅ ဦးက အမျိုးသမီးတွေ ဖြစ်ပါတယ်။ “အမျိုးသမီးတွေ ပါဝင်မှုက အရေးကြီးတယ်။ သူတို့အချင်းချင်း စကားပြောတဲ့နေရာမှာ ပိုပြီးတော့ အလေးသာတယ်။ အကြောင်းအရာတွေကို ပိုသိတဲ့အတွက် လူထုကို အကျိုးပြုမယ့်ကိစ္စတွေ၊ အရေးကြီးတဲ့ ကိစ္စတွေနေရာမှာ ပိုပြီးထိရောက်တယ်” လို့ ပါတီဥက္ကဋ္ဌ ခွန်းဘီထူးက ဆိုပါတယ်။ ခရစ္စတီးနား (ခ) မူဂလိုရီယာက မယ်စဲ့မြို့နယ်မှာ ကယန်းအမျိုးသားပါတီ ကိုယ်စားပြုပြီး ရွေးကောက်ပွဲဝင်မှာပါ။ [caption id="attachment_405423" align="aligncenter" width="493"] Photo: Kayah State Hluttaw’s Facebook[/caption] “၂၀၂၀ မှာတော့ဖြင့် တိုင်းရင်းသားတွေနဲ့ အမျိုးသမီးတွေရဲ့အရေးကို လှုပ်ခါစေနိုင်မယ့် အခြေအနေ တစ်ခုကို ကျမတို့ဖန်တီးချင်တယ်” လို့ သူက ဆိုပါတယ်။ အမျိုးသားတွေသာ ကြီးစိုးတဲ့ ပြည်နယ်လွှတ်တော်ထဲမှာ ပထမဆုံးအမျိုးသမီးပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာဖို့အရေးအတွက် သူ့ရဲ့ကြိုးပမ်းမှုက စိန်ခေါ်မှုတွေတော့ ရှိနေဆဲပါ။ အမျိုးသမီးတွေဟာ အမျိုးသားများနောက်မှာပဲ ရှိနေတယ်ဆိုတဲ့ ဓလေ့ထုံးတမ်းတွေနဲ့ စီးပွားရေး အခြေအနေက အမျိုးသမီးတွေ နိုင်ငံရေးဇာတ်ခုံပေါ်ရောက်ဖို့ အဓိကစိန်ခေါ်မှုတွေ ဖြစ်တယ်လို့ သူက ထောက်ပြပါတယ်။ ရွေးကောက်ပွဲအနိုင်ရပြီး လွှတ်တော်ထဲ အမျိုးသမီးတွေ ဟန်အရ ရောက်သွားတာမျိုးမဟုတ်ဘဲ အမှန်တကယ် ထိရောက်တဲ့ ဆုံးဖြတ်ချက်တွေလုပ်နိုင်ဖို့ ရည်ရွယ်တယ်လို့လည်း သူက ဆိုပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာတော့ ကယားပြည်နယ် လွှတ်တော်နေရာအတွက် ဝင်ပြိုင်မယ့် အမျိုးသမီး အရေအတွက်က အရင်နှစ်တွေထက် တိုးလာပါတယ်။  အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ၃ ဦး၊ အတိုက်အခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)က ၃  ဦး၊ တိုင်းရင်းသားပါတီတွေ ဖြစ်ကြတဲ့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီက ၂  ဦးနဲ့ ကယန်းအမျိုးသားပါတီက  ၁ ဦးစီ စာရင်းပေးထားပါတယ်။ ချင်းပြည်နယ်မှာကတော့ ကယားပြည်နယ်လို သိသာတဲ့ တိုးတက်မှုမတွေ့ရသေးပါဘူး။ ချင်းပြည်နယ် လွှတ်တော်အမတ် နေရာလွတ် ၁၈ နေရာအတွက် NLD က အမျိုးသမီးအမတ်လောင်း  ၁ ဦး ပါဝင်ခဲ့ပေမယ့် အတိုက်အခံ USDP နဲ့ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လို တိုင်းရင်းသားပါတီတွေမှာ အမျိုးသမီးကိုယ်စားလှယ်လောင်း တစ်ယောက်မှ မပါဝင်သေးပါဘူး။ စိန်ခေါ်မှုတွေကြားထဲကနေ ကယားပြည်နယ်အတွက် ပထမဆုံး အမျိုးသမီးပြည်နယ်အမတ် ဖြစ်ဖို့အတွက် ကယန်းအမျိုးသားပါတီက ခရစ္စတီးနား(ခ)မူဂလိုရီယာက ရွေးကောက်ပွဲဝင်ဖို့ အသင့်ဖြစ်နေပါပြီ။ နိုင်ငံရေးမှာ အမျိုးသမီးတွေ နေရာပိုရလာရေးအတွက် အမျိုးသမီးတွေကိုယ်တိုင် လုပ်ရမယ့် အရာတစ်ခုကို သူက အခုလို အကြံပြုပါသေးတယ်။ “သူများ နေရာပေးတာပဲ ထိုင်မစောင့်နဲ့။ သူများ ခင်းပြီးသားစားပွဲကိုပဲ ထိုင်မစောင့်နဲ့” သက်ပိုင်ထွန်း hiburma.net ဝက်ဘ်ဆိုက်မှ ပြန်လည်ဖော်ပြသည်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024