မြန်မာနိုင်ငံတွင် ကိုဗစ်ဒုတိယလှိုင်း အရှိန်အဟုန်မြင့်စွာ ပေါ်ပေါက်လာနိုင်ဟု သတိပေး
DVB
·
August 19, 2020
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု ဒုတိယလှိုင်း မပေါ်ပေါက်စေရေးအတွက် ဂရုပြုကြဖို့ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီက သြဂုတ်လ ၁၈ ရက် နေ့စွဲနဲ့ ပြည်သူသို့ပန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုပထမလှိုင်းရဲ့ အကျပိုင်းသို့ရောက်ရှိနေကာ ပထမလှိုင်း မကြာမီ ပြီးဆုံးတော့မယ့်အခြေအနေဖြစ်ပြီး မြန်မာပြည်မှာ ရောဂါပိုးတွေ့ရှိရသူတွေရဲ့ ထက်ဝက်ကျော်ဖြစ်တဲ့ ၆၁ ရာခိုင်နှုန်းလောက်ဟာ အမြင်အားဖြင့် နေကောင်းကျန်းမာ ရောဂါလက္ခဏာ တစ်စုံတစ်ရာပြသခြင်းမရှိသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
တကယ်လို့ ရပ်ကွက်/ကျေးရွာအတွင်း၊ လူထုအတွင်း ရောဂါလက္ခဏာ တစ်စုံတစ်ရာမရှိဘဲ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးရှိနေသောသူတွေ ရှိနေပါက ထိုသူတို့ထံမှ တိတ်တဆိတ်ကူးစက်ပြန့်ပွားပြီး ရောဂါဖြစ်ပွားမှု ဒုတိယလှိုင်း အဖြစ် အရှိန်အဟုန်မြင့်မားစွာဖြင့် ပေါ်ပေါက်လာနိုင်တဲ့ အလားအလာ များစွာရှိတယ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၁၆ ရက်နဲ့ ၁၇ ရက်တွေမှာ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပြည်ပကိုခရီးသွားခဲ့တာမရှိဘဲ မြန်မာပြည်တွင်းမှာ ကိုဗစ်-၁၉ ရောဂါကူးစက်သူ ၄ ဦး တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
မြန်မာပြည်သူတွေအကြား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် မတ်လ၊ ဧပြီလနဲ့ မေလတို့မှာ သတ်မှတ်ထားတဲ့ ကျန်းမာရေးစည်းကမ်းတွေ လိုက်နာမှု အားကောင်းခဲ့ပေမယ့် ဇွန်လအလယ်လောက်ကစလို့ လိုက်နာမှုအားနည်းနေတာ တွေ့တယ်လို့လည်းဆိုပါတယ်။
ကိုဗစ်-၁၉ ဒုတိယလှိုင်း မဖြစ်ပေါ်စေရန် တတ်နိုင်သမျှ လူစုလူဝေးရှိရာနေရာများသို့ မလိုအပ်ဘဲမသွားကြဖို့၊ ခပ်ခွာခွာနေထိုင်ကြဖို့၊ နှာခေါင်းစည်း Mask တပ်ဆင်ကြဖို့၊ လက်ကို ဆပ်ပြာနှင့်ရေ အသုံးပြု ဆေးကြောကြဖို့နဲ့ ပြည်ပက တရားမဝင် ပြန်လည်ဝင်ရောက်လာသူတွေကို သတင်းပို့ကြဖို့လည်း တိုက်တွန်းထားပါတယ်။
ဩဂုတ် ၁၉ ရက် မနက်အထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၃၇၉ ဦး၊ သေဆုံးသူ ၆ ဦး၊ နှစ် ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ ၃၃၁ ဦးနဲ့ ဆေးရုံမှဆင်းသွားသူ ၃၂၈ ဦး၊ စောင့်ကြည့်လူနာအသစ် ၂၇ ဦးရှိပါတယ်။