တပ်တွင်းပုန်ကန်မှုဖြစ်ပြီးနောက် မာလီနိုင်ငံသမ္မတကေတာ ရာထူးမှနုတ်ထွက်

924
မာလီနိုင်ငံမှာ တပ်တွင်းပုန်ကန်တဲ့ စစ်သားတွေက သမ္မတ အီဘရာဟင်ဘူဘာကာကေတာကို သေနတ်နဲ့ထောက်ထိန်းသိမ်းခဲ့ပြီးနောက် သြဂုတ် ၁၈ ရက်မှာ သမ္မတကေတာ ရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။
တပ်တွင်းပုန်ကန်တဲ့ တပ်ဖွဲ့တွေက ဝန်ကြီးချုပ် ဘူဘူစီ၊ တခြားထိပ်တန်းအရာရှိတွေနဲ့အတူ သမ္မတကေတာကို ထိန်းသိမ်းခဲ့ပြီးနောက် နာရီပိုင်းအကြာမှာ သမ္မတကေတာက နိုင်ငံပိုင် ရုပ်သံကနေလွှင့်တဲ့ မိန့်ခွန်းတိုအတွင်း ရာထူးက နုတ်ထွက်ကြောင်း ကြေညာလိုက်တာပါ။
မိန့်ခွန်းအတွင်း သမ္မတကေတာက “ဒီနေ့မှာ လက်နက်ကိုင်တပ်ဖွဲ့တချို့က ကြားဝင်ပြီး ဒီအုပ်ချုပ်ရေးကို အဆုံးသတ်စေလိုရင် ကျနော့်မှာ ရွေးချယ်ခွင့်ရှိပါ့မလား” လို့ ပြောသွားပါတယ်။
မာလီနိုင်ငံရဲ့ တပ်တွင်း ပုန်ကန်မှုကို ဘယ်သူ ဦးဆောင်နေလဲ၊ သမ္မတကေတာ မရှိတဲ့နောက် ဘယ်သူအုပ်ချုပ်မလဲ ဆိုတာနဲ့ ပုန်ကန်သူတွေရဲ့ လိုလားချက်ကို သဲသဲကွဲကွဲ မသိရသေးပါဘူး။
မာလီနိုင်ငံဟာ နဂိုကတည်းက ဂျီဟတ်ဝါဒီ သောင်းကျန်းမှုနဲ့ ဆန္ဒပြပွဲတွေ အများအပြား ပေါ်ပေါက်နေတာမို့ အခုပုန်ကန်မှုက ပြဿနာအကျပ်အတည်းကို ပိုမိုနက်ရှိုင်းစေတယ်လို့ ရိုက်တာက သုံးသပ်တင်ပြထားပါတယ်။