ထိုင်းနိုင်ငံတွင် ယာဉ်တိုက်မှုဖြစ်ပြီး ဆိုင်ကယ်စီး မြန်မာ ၂ ဦး သေဆုံး
DVB
·
August 19, 2020
ထိုင်းနိုင်ငံ၊ မန်ချာခီရိခရိုင်ထဲမှာ မြန်မာအမျိုးသား ၂ ယောက် စီးနင်းမောင်းနှင်လာတဲ့ မော်တော်ဆိုင်ကယ်တစီးနဲ့ ပစ်ကပ်ထရပ်ကားတစီး တိုက်မိခဲ့ပြီး သူတို့ ၂ ယောက်လုံး သေဆုံးသွားခဲ့တယ် လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။
ဒီအဖြစ်အပျက်ဟာ မနေ့ကညသန်းခေါင်ကျော် ၁၂နာရီ ၁၅ မိနစ်လောက်က ပါဖူးရွာအနီး၊ မန်ချာခီရိ-ဖရာယွင်လမ်းမကြီး လမ်းဆုံလမ်းခွတခုမှာ ဖြစ်ခဲ့တာလို့ မန်ချာခီရိ ရဲစခန်းမှူးက ပြောပါတယ်။
ပစ်ကပ်ကားမောင်းသူ အသက် ၄၆ နှစ်အရွယ် ဝက်ပိခိုင်ဆောကတော့ အဆိုပါ မော်တော်ဆိုင်ကယ်ဟာ လမ်းလယ်မျဉ်းကို ဖြတ်ကျော်ကာ သူ့ကားဆီတည့်တည့်ဦး တည်လာချိန်မှာ အရှိန်မထိန်းနိုင်ပဲ တိုက်မိခဲ့ပြီးနောက် ကားက လမ်းဘေးဓာတ်တိုင်ကိုပါ ထပ်ပြီး တိုက်မိခဲ့တယ်လို့ ရဲတွေကို ပြောပါတယ်။
ဒီမတော်တဆမှုကြောင့် သူ့မှာလည်း ဦးခေါင်းမှာ ပြတ်ရှထိခိုက်ဒဏ်ရာတခု ရရှိ သွားခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
သေဆုံးသူ မော်တော်ဆိုင်ကယ်စီး မြန်မာအမျိုးသား ၂ ယောက်ဟာ ခူဒီခေါင်ဒေသတွင်းက သားသတ်ရုံတရုံက အလုပ်သမားတွေဖြစ်ပြီး လတ်တလောမှာတော့ ရဲတွေက မှုခင်းအသေးစိတ်ကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်။
ကိုးကား- Bangkok Post