A d v e r t i s e m e n t With Us

ဒီဇင်ဘာလကုန်အထိ မီတာခ လစဉ် ယူနစ် ၁၅၀ အခမဲ့သုံးခွင့် ထပ်ပေးမည်

မြန်မာနိုင်ငံတဝန်း အိမ်သုံးမီတာခတွေကို လာမယ့် ဒီဇင်ဘာလ ၃၁ ရက် အထိ လစဉ် ယူနစ် ၁၅၀ အတွက် ဓာတ်အားခကျသင့်ငွေ ကင်းလွတ်ခွင့် အခမဲ့ ဆက်လက်ပေးသွားမယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက သြဂုတ်လ ၁၈ ရက်နေ့စွဲနဲ့ ထုတ်ပြန်ပါတယ်။  ကိုဗစ်-၁၉ ကြောင့် ပြည်သူတွေ စီးပွားရေးအရ၊ စိတ်ဓာတ်ရေးရာအရ ကျပ်တည်းတာတွေရှိနေတာကြောင့် သြဂုတ်လ ၁ ရက်ကနေ ဒီဇင်ဘာလ ၃၁ ရက်နေ့ အထိ လစဉ် မီတာခ အခမဲ့ ဆက်လက်ပေးမှာဖြစ်တယ်လို့ အစိုးရထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး တိုးမြှင့်ခဲ့တဲ့  ဇူလိုင် ၁ ရက်နေ့မှ ဇူလိုင် ၁၅ ရက်အထိ မီတာယူနစ်  ၇၅ ယူနစ်အတွက် ဓာတ်အားခ ကျသင့်ငွေ ကင်းလွတ်ခွင့် (အခမဲ့) ကို ဇူလိုင်လ ၁၀ ရက်နေ့က  ခွင့်ပြုခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဇူလိုင်လ ၁၆ ရက်နေ့မှ ဇူလိုင် ၃၁ ရက်နေ့အထိ ၇၅ ယူနစ်အတွက် ဓာတ်အားခ ကျသင့်ငွေကို ကင်းလွတ်ခွင့် (အခမဲ့) ပေးသွားမှာဖြစ်လို့ ဇူလိုင် ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ ၁၅၀ ယူနစ်စာ အခမဲ့ရရှိမယ်လို့လည်းဆိုပါတယ်။ မီတာ ၁၅၁ ယူနစ်နဲ့အထက်သုံးစွဲသူတွေကတော့  ယူနစ် ၁၅၀ အတွက် ဓာတ်အားခကျသင့်ငွေ  ၁၁၅၅ဝ အခမဲ့ရရှိမှာဖြစ်ပြီးကျန်တဲ့ ယူနစ်ပမာဏကိုတော့ သုံးစွဲမှုအပေါ်မူတည်ပြီး အလွှာလိုက် သတ်မှတ်ချက်နှုန်းထားအတိုင်း ပေးဆောင်ရမှာ ဖြစ်ပါတယ်။ အထူးကိစ္စတစ်ရပ်အနေနဲ့ ကင်းလွတ် ခွင့်ပြုခဲ့တဲ့ အိမ်သုံးမဟုတ်တဲ့ မီတာ အမျိုးအစားမှာ ပါဝင်တဲ့ ပြည်တွင်းလူမှုရေး အဖွဲ့အစည်းတွေကလွဲပြီး ကျန်သုံးစွဲသူတွေအားလုံးကတော့ အရင်သတ်မှတ်ထားတဲ့ နှုန်းထားအတိုင်း ပေးဆောင်မယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

A d v e r t i s e m e n t With Us

More News
Up