စစ်တွေမြို့တွင် ပြည်ပခရီးသွားရာဇဝင်မရှိသည့် ကိုဗစ်-၁၉ လူနာသစ် ၃ ဦးထပ်တွေ့
DVB
·
August 19, 2020
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ပြည်ပကိုခရီးသွားခဲ့တာမရှိတဲ့ ကိုဗစ်-၁၉ လူနာသစ် ၃ ဦးထပ်မံ စစ်ဆေး တွေ့ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ ဩဂုတ် ၁၉ ရက် မနက်၈ နာရီထုတ်ပြန်ချက်အရ သိရပါတယ်။
အဆိုပါလူနာသစ် ၃ ဦးကတော့ စစ်တွေ့မြို့မှာ နေထိုင်တဲ့ အမျိုးသမီး ၃ ဦးတို့ဖြစ်ကြပြီး သူတို့ဟာ ကိုဗစ်-၁၉ လူနာနဲ့ ထိတွေ့ခဲ့တာမရှိသလို ပြည်ပကိုခရီးသွားခဲ့တဲ့ ရာဇဝင်မရှိဘူးလို့ လည်းသိရပါတယ်။
လူနာသစ် ၃ ဦးအနက် တစ်ဦးက စောင့်ကြည့်လူနာဖြစ်ပြီး ကျန်နှစ်ဦးကတော့ စစ်တွေမြို့မှာ အသွားအလာကန့်သတ်စောင့်ကြပ်ခံထားရသူတွေဖြစ်ပါတယ်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ မနေ့က ထပ်မံ စစ်ဆေးပြီးစီးခဲ့တဲ့ ဓာတ်ခွဲနမူနာ ၉၄၃ ခုမှာ အတည်ပြုလူနာသစ် ၃ ဦးထံမံတွေ့ရှိခဲ့တာပါ။
ဩဂုတ် ၁၆ ရက်ကလည်း ပြည်ပကိုခရီးသွားခဲ့တဲ့ ရာဇဝင်မရှိတဲ့ စစ်တွေမြို့က စီဘီဘဏ်ဝန်ထမ်း အမျိုးသမီး တစ်ဦးမှာ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးတွေ့ရှိခဲ့လို့ သူနဲ့ ထိတွေ့မှုရှိခဲ့သူတွေကို ဆေးစစ်တာနဲ့ အသွားအလာကန့်သတ်တာတွေလုပ်ဆောင်နေရ ပါတယ်။
ပြည်ပကိုခရီးသွားခဲ့တာမရှိဘဲ မြန်မာပြည်တွင်းမှာ ကိုဗစ်-၁၉ ရောဂါကူးစက်သူတွေ့ရှိခဲ့တာ ဇူလိုင် ၁၇ ရက်နေ့က နောက်ဆုံးဖြစ်ပြီး အခု တစ်လနီးပါးအကြာမှာ နောက်ထပ် လူနာသစ်တွေ နှစ်ရက်ဆက်တိုက် ထပ်တွေ့ရတာလည်းဖြစ်ပါတယ်။
ဩဂုတ် ၁၉ ရက် မနက်အထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၃၇၉ ဦး၊ သေဆုံးသူ ၆ ဦး၊ နှစ် ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ ၃၃၁ ဦး၊ ဆေးရုံမှဆင်းသွားသူ ၃၂၈ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၂၇ ဦးရှိပါတယ်။