A d v e r t i s e m e n t With Us

အာဖဂန်လွတ်လပ်ရေးနေ့က ကဘူးလ်မြို့တွင် ဒုံးကျည်ဖြင့် တိုက်ခိုက်ခံရ

Afghanistan's President Ashraf Ghani (C) attends Afghan Independence Day celebrations in Kabul, Afghanistan August 18, 2020. REUTERS/Mohammad Ismail
သြဂုတ် ၁၈ ရက်မှာ ကျရောက်တဲ့ အာဖဂန်နစ္စတန်နိုင်ငံရဲ့ လွတ်လပ်ရေးနေ့ အခမ်းအနားကို သမ္မတ အာရှက်ဖ်ဂါနီ တက်ရောက်ပြီး မကြာခင်မှာပဲ မြို့တော်ကဘူးလ်မှာ ဒုံးကျည်တွေနဲ့  ပစ်ခတ် တိုက်ခိုက်ခံရလို့ လူ ၁၀ ယောက်ထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။ အာဖဂန် ကာကွယ်ရေးဌာနဝင်းအတွင်းကျင်းပတဲ့ အခမ်းအနားကို အစိုးရနဲ့ နိုင်ငံခြားအရာရှိ အများအပြား တက်ရောက်ပြီး သမ္မတဂါနီက လွတ်လပ်ရေးအထိမ်းအမှတ် ကျောက်တိုင်အောက်မှာ ပန်းခွေချ အလေးပြုခဲ့ပါတယ်။ အဲဒီနောက် လွတ်လပ်ရေးနေ့ အခမ်းအနားပြီးလို့ မိနစ် ၃၀ ခန့်အကြာမှာပဲ မြို့တော် ကဘူးလ်ဟာ ဒါဇင်ချီတဲ့ဒုံးကျည်တွေ ပစ်ခတ်ခံရတာပါ။ ဒေသခံသတင်းထောက် ဟာရစ် ဂျမဲဇာဒါက “မနက် ၉ နာရီခွဲလောက်မှာ အိမ်မှာ ထိုင်နေတုန်း အသံကြားတယ်။ ဘာဖြစ်လဲဆိုတာ စစ်ဆေးဖို့ အိမ်ခေါင်မိုးပေါ် တက်ကြည့်ချိန်မှာ မီးခိုးတွေ တက်လာနေတဲ့နေရာကို တွေ့တယ်။  ပြီးတော့ ပေါက်ကွဲမှု နှစ်ခုဖြစ်တယ်။ တယောက်ယောက်က ဒုံးကျည် ပစ်လိုက်တဲ့ အသံမျိုးမို့ လက်ကိုင်ဖုန်းနဲ့ ဗွီဒီယို ရိုက်နေခဲ့တယ်။ အဲဒီနေရာကပဲ နောက်ထပ်ဒုံးကျည်တစီး ထပ်ပစ်ခဲ့တာ”လို့ ရိုက်တာ သတင်းဌာနကို ပြောပါတယ်။ အာဖဂန်နစ္စတန် လွတ်လပ်ရေးနေ့မှာ တိုက်ခိုက်မှုရဲ့ နောက်ကွယ်က ဘယ်သူလဲ ဆိုတာ မသိရသေးသလို အသေအပျောက် ဘယ်လောက်ရှိတယ်ဆိုတာလဲ မသိရသေးပါဘူး။ ဒဏ်ရာရသူတွေထဲမှာ ကလေးတွေလည်း ပါဝင်တယ်လို့ တာဝန်ရှိသူတွေက ပြောဆိုပါတယ်။ ပေါက်ကွဲမှု ဖြစ်ဖြစ်ချင်း ပစ်ခတ်ခံရတဲ့ သံတမန်နယ်မြေကို အသွားအလာ အမြန်ပိတ်ချခဲ့ပြီး သံရုံးတွေက ဝန်ထမ်းတွေကိုလည်း ဘေးကင်းတဲ့ အခန်းတွေထဲ ဝင်နေခိုင်းခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ နေတိုးအဖွဲ့ ဌာနချုပ်နဲ့ နိုင်ငံခြားသံရုံး အများအပြားရှိရာ အစိမ်းရောင်ဇုံထဲကို ဒုံးကျည် လေးခုထက်မနည်း ကျရောက်ခဲ့တယ်လို့ မျက်မြင်သက်သေတွေကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ရေးပါတယ်။ အာဖဂန်မှာ ဖြစ်နေတဲ့ ၁၉ နှစ်ကြာ စစ်ပွဲအဆုံးသတ်ရေးအတွက် အမေရိကန်ရဲ့ နောက်ဆုံး လက်ကျန်တပ်ဖွဲ့တွေကို ရုပ်သိမ်းဖို့ ပြင်ဆင်နေချိန်၊ အာဖဂန်အစိုးရနဲ့ တာလီဘန်တို့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အမေရိကန်တို့က အားပေးနေချိန်မှာပဲ ဒီတိုက်ခိုက်မှု ဖြစ်ခဲ့တာပါ။ အာဖဂန်နစ္စတန်နိုင်ငံဟာ ၁၉၁၉ ခုနှစ်မှာ ဗြိတိန်ဆီကနေ လုံးဝလွတ်လပ်ရေး ရခဲ့ပေမယ့် ၁၈၇၉ အင်္ဂလိပ်-အာဖဂန် ဒုတိယစစ်ပွဲကစပြီး ဗြိတိန်ဟာ အာဖဂန် နိုင်ငံခြားရေးမူဝါဒကို ချုပ်ကိုင်ခဲ့တယ်လို့ ရိုက်တာက ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up