ကိုရိုနာဗိုင်းရပ်စ် သန္ဓေပြောင်းမှု အသေအပျောက် နည်းပါးပုံရဟု စင်ကာပူဆရာဝန် ပြော
ပိုမိုကူးစက်လွယ်တဲ့ ကိုရိုနာဗိုင်းရပ်စ် သန္ဓေပြောင်းမှုဟာ အသေအပျောက် နည်းပါးပုံရတယ်လို့ စင်ကာပူက ထင်ရှားတဲ့ ကူးစက်ရောဂါဆရာဝန်တစ်ဦးက သြဂုတ် ၁၇ ရက်မှာ ပြောပါတယ်။
ဥရောပ၊ မြောက်အမေရိကနဲ့ အာရှဒေသတချို့မှာ တွေ့ရတဲ့ နိုဗယ်ကိုရိုနာဗိုင်းရပ်စ် သန္ဓေပြောင်းမှု တိုးလာတာက ကူးစက်မှု တိုးလာပေမယ့် သေဆုံးမှုကတော့ ပိုနည်းပါးပုံရတယ်လို့ စင်ကာပူ အမျိုးသားတက္ကသိုလ် အကြီးတန်းအကြံပေး ပေါလ်တန်ဘယာက ပြောတာပါ။
“ပိုမိုကူးစက်လွယ်ပြီး အသေအပျောက်နည်းတဲ့ ဗိုင်းရပ်စ်ဆိုတော့ တကယ်တမ်း သတင်းကောင်း ဖြစ်နိုင်ပါတယ်။ ဗိုင်းရပ်စ်ဟာ အစားအစာနဲ့ ခိုလှုံရာအတွက် ကူးစက်ထားသူကို မှီခိုရတာမို့ လူများများကို ကူးစက်ပေမယ့် အဲဒီလူတွေ မသေဆုံးမှ ဗိုင်းရပ်စ်အဖို့ အကျိုးများမယ်။”
ကမ္ဘာ့ဒေသတချို့မှာ D614G သန္ဓေပြောင်းမှု တိုးပွားလာတာက သေဆုံးနှုန်းကျဆင်းတာနဲ့ တိုက်ဆိုင်နေပြီး သေဆုံးမှုနည်းပါးတာကို ညွှန်ပြနေတယ်လို့ ဒေါက်တာတမ်ဘယာက ရိုက်တာကို ပြောပါတယ်။