Live
Home
မြန်မာသတင်း
ဖားကန့်မြို့တွင် ဥရုချောင်းရေကြီးလျှံပြီး လူနေအိမ်နှင့်ဈေးဆိုင်များ ရေနစ်မြုပ်
DVB
·
August 18, 2020
ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဩဂုတ်လ ၁၇ ရက် ၁၈ ရက်အထိ ၂ ရက်ဆက်တိုက် မိုးရွာသွန်းခဲ့တာကြောင့် ဥရုချောင်းရေ ၁၀ ပေလောက် စံချိန်တင်မြင့်တက်ခဲ့ပြီး ရေကြီးရေလျှံနေ ပါတယ်။ ဖားကန့်မြို့ အနိမ့်ပိုင်းရပ်ကွက်တချို့ဖြစ်တဲ့ မြို့မရပ်ကွက်၊ မရှီကထောင်ရပ်ကွက်၊ ငှက်ပျောတောရပ်ကွက်တွေမှာ လူနေအိမ်နဲ့ စျေးဆိုင်တွေ ရေနစ်မြုပ်ပြီး ဥရုချောင်းရေဟာ ၁၀ ပေအထိ ကန်ဆီးကျွေးရွာဘက်မှာ လက်ရှိအချိန် မြင့်တက်နေတာ ဖြစ်ပါတယ်။ ရေကြီးနေမှုနဲ့ပတ်သက်လို့  ဖားကန့်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းအောင်က အထက်ဘက်မှာမိုးများရင်တော့ အနည်းနဲ့အများပဲ ရေကြီးမှုတွေ ဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။ လိုအပ်တဲ့ အရေးပေါ် ကယ်ဆယ်ရေးနဲ့ ထောက်ပံ့ရေးတွေပြုလုပ်ပေးနေတဲ့ အရပ်ဘက် အဖွဲ့အစည်းဖြစ်တဲ့ ကွန်းဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးသန်းဇော်ကွန်းက အခုရေကြီးမှုဟာ ၂၀၁၇ ခု ကို မမီပေမယ့် ၂၀၁၈-ကနေ ၂၀၂၀ အထိတော့ အဆိုးဝါးဆုံးရေကြီးမှုဖြစ်တယ်လို့ ပြောပါတယ်။ ဒေသခံတစ်ယောက်ဖြစ်တဲ့ ဦးမျိုးဝင်းက “ဖားကန့်မြို့မှာ ရေကြီးရခြင်းရဲ့ အဓိက အကြောင်းအရင်းက ဥရုချောင်းကြမ်းပြင် ကျဉ်းမြောင်းတိမ်ကောလာပြီး ကျောက်စိမ်းကုမ္ပဏီ တချို့ရဲ့ စွန့်ပစ်မြေစာဟာ ချောင်းထဲကို သွန်ချတာကြောင့် ဖားကန့်မြို့ဟာ နှစ်စဉ်ရေကြီးမှုတွေ ဖြစ်နေရတာ။ ရှင်းရှင်းပြောရရင်တော့ ဥရုချောင်း မုဒိမ်းကျင့်ခံလိုက်ရတာပါ”လို့ ပြောပါတယ်။ ရေကြီးမှုဒဏ်ကို လက်တွေ့ခံစားနေရတဲ့ ငှက်ပျောတောရပ်ကွက်နေ စျေးဆိုင်ရှင် မရည်မွန်စိုးက “ရေကြီးတဲ့အတွက် နစ်နာမှုတွေရှိတော့ရှိတယ်။ ဆိုင်ပိတ်လိုက်ရတော့ စျေးတွေ မရောင်းရတော့ဘူး။ အိမ်ထဲကို ရေတင်မကဘူး အမှိုက်တွေပါ ရေတက်တိုင်းပါလာတယ်။ ပစ္စည်းတွေ ရွေ့ရတာ လူအင်အားနဲ့ မမျှဘူး”လို့ ပြောပါတယ်။ ဖားကန့်မြို့ကို ရေမကြီးစေဖို့ အဓိကချောင်းဖြစ်တဲ့ ဥရုချောင်းကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဌာနနဲ့ ပြည်နယ်အစိုးရအဖွဲ့က ချောင်းသန့်ရေးလုပ်ငန်းတွေ မိုးရာသီမတိုင်မီက တည်းက လုပ်ဆောင်ခဲ့ကြပါတယ်။ သတင်း- စစ်ကိုနိုင်ထွန်း

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024