ထိုင်းနိုင်ငံတွင် အလယ်တန်းနှင့် အထက်တန်းကျောင်းသားများ ဆန္ဒပြ

1.3K
ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း ခွန်ကဲန်မြို့မှာ မနေ့ ညနေပိုင်းက အခြေခံပညာ အထက်တန်းနဲ့ အလယ်တန်းကျောင်းသားပေါင်း ၁၀၀၀ ကျော်လောက် စုဝေးပြီး ကျောင်းသားတွေအပေါ် ဖိနှိပ်မှုတွေရပ်ဖို့နဲ့ ကျောင်းဆရာတွေအနေနဲ့ ကျောင်းသားတွေနဲ့အတူရပ်တည်ဖို့ ဆန္ဒပြကြပါတယ်။
ကျောင်းသူ ကျောင်းသားတွေအနေနဲ့ နိုင်ငံရေး ဆန္ဒပြပွဲတွေမှာ ပါဝင်ပတ်သက်ခြင်းမရှိဖို့ ဒေသအာဏာပိုင်တွေက သက်ဆိုင်ရာ ကျောင်းအုပ်ကြီးတွေ၊ ဆရာ ဆရာမနဲ့ မိဘအုပ်ထိန်းသူတွေကို မိမိသားတပည့်တွေကို ထိန်းကျောင်းပေးဖို့ သတိပေးထားရာမှာ ဆရာ ဆရာမတွေကလည်း တပည့်လေးတွေကို ဆုံးမအပြစ်ပေးခဲ့တဲ့အပေါ် မကျေနပ်တဲ့အတွက် ခုလိုဆန္ဒပြပွဲ ဖြစ်တာပါ။
ညီညွတ်သောကျောင်းသားများအဖွဲ့ KKC လို့ခေါ်ဆိုတဲ့ ကျောင်းသူ ကျောင်းသား ၁၀၀၀ ကျော်ဟာ ခွန်ကဲန်မြို့ပေါ်နဲ့ အနီးနားမြို့နယ်ရှိ အထက်တန်းနဲ့ အလယ်တန်းကျောင်း အသီးသီးကဖြစ်ပြီး ဩဂုတ် ၁၇ ရက် ညနေ ၅ နာရီခွဲက ခွန်ကဲန်ခရိုင်အုပ်ချုပ်ရေးရုံးရှေ့ ရာ့ချ်ဒါးနုဆွန်ကွင်းပြင်မှာ ဆန္ဒပြခဲ့တာပါ။
ကျောင်းသားတွေဟာ လက်မှာ အဖြူရောင်ဖဲကြိုးတွေ ကိုယ်စီပတ်ထားပြီး အသင့်ချထားတဲ့ ပိတ်ဖျင်ပေါ်မှာ “အဖြူရောင်ဖဲကြိုးမှာ အပြစ်မရှိပါ”၊ “ကျောင်းသားတွေ အပေါ်ချုပ်ခြယ်ခြိမ်းခြောက်မှုတွေချက်ချင်းရပ်”၊ “တို့ကျောင်းအုပ်ကြီးသတင်းမှား တွေဖြန့်နေတယ်”၊ “ပြည်သူကို မဖိနှိပ်နဲ့”အစရှိတဲ့ သဘောထားအမြင်တွေကို ထုတ်ဖော်ရေးသားခဲ့ပါတယ်။
ဒါ့အပြင် စင်မြင့်ပေါ်မှာလည်း “ ဆရာ/ဆရာမတွေအနေနဲ့ မိမိအလုပ်အကိုင်ဂုဏ်သိက္ခာနဲ့ လျော်ညီအောင်ပြုမူဖို့၊ ကျောင်းသူကျောင်းသားတွေဟာ စည်းကမ်းချက်တွေ အများကြီးလိုက်နာရတယ်။ ဆရာတွေကျတော့ရော စည်းကမ်းလိုက်နာရဲ့လား။ ဆရာ ဆရာမတွေဟာ နိုင်ငံ့အနာဂတ်ကို ပုံဖော်ရေးဆွဲတဲ့သူတွေလို့ ပြောကြပါတယ်။ အခု ဆရာ ဆရာမတွေက ကျနော်တို့ အပေါ်မှာ ဘယ်လိုပုံဖော်နေကြသလဲဆိုတာ မေးလိုက်ချင်တယ်။ ဆရာဆရာမတွေ စေတနာနဲ့ ကျင့်ဝတ်နဲ့အ ညီနေကြပါ။ နိုင်ငံရေးဘက်မလိုက်ပါနဲ့။ ဆရာ ဆရာမတွေဟာ မိမိတပည့်တွေရဲ့ တွေးခေါ်မှုကို အားပေးမြှင့်တင်ပေးရမယ်။ ဆရာတွေဟာ ကျောင်းသားဘက်ကနေ ရပ်တည်ရမယ် မိမိတပည့်ပေါ် အမှန်တရားတွေ ဖုံးကွယ်မထားပါနဲ့ ” အစရှိသဖြင့် ဟောပြောခဲ့ပြီး ကျန်တဲ့ကျောင်း သူကျောင်းသားတွေကလည်း လက်ခုပ်လက်ဝါးတီးကာ တခဲနက်အော်ဟစ်အား ပေးခဲ့ကြပါတယ်။
ဒါ့အပြင် ဒီမိုကရေစီနည်းအရ ကျောင်းသားတွေကို လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ပြုဖို့၊ ကျောင်းဝင်းထဲမှာ အမိန့်အာဏာမသုံးဖို့၊ ကျောင်းသားလူငယ်တွေရဲ့ တောင်းဆိုချက်ကို လေးစားလိုက်နာဖို့၊ ကျောင်းသားလူငယ်တို့ရဲ့ ကောင်းမွန်တဲ့အနာဂတ်အတွက် စာသင်ကျောင်းထဲမှာ ဖြစ်ပျက်နေတဲ့ ပြဿနာတွေကို အစိုးရအနေနဲ့ ဖြေရှင်းဖို့ စတဲ့အချက် ၃ ချက်ကို ကျောင်းသားတွေက ကြေညာချက်ထုတ်ပြန် တောင်းဆိုသွားပါတယ်။
ခွန်ကဲန်က ကျောင်းသူ ကျောင်းသားတွေရဲ့ ဆန္ဒပြပွဲအပေါ် သက်ဆိုင်ရာအာဏာပိုင်တွေ ဘယ်လို လာရောက်ဖြေရှင်းခဲ့သလဲဆိုတာတော့ မသိရသေးပါဘူး။
ထိုင်းနိုင်ငံမှာ တက္ကသိုလ်ကျောင်းသားတွေ ဦးဆောင်ပြီး လက်ရှိ ထိုင်းအစိုးရကို ဆန္ဒပြနေရာမှာ အထက်တန်း၊ အလယ်တန်း ကျောင်းသား ကျောင်းသူတွေပါ ပူးပေါင်း ပါဝင်လာကြတာ ဖြစ်ပါတယ်။
ကိုးကား -Khonkaenlink