မွန်ပြည်နယ်၌ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်မည့်အဖွဲ့ လျှောက်ထားမှုမရှိသေး

မွန်ပြည်နယ်မှာ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်မယ့်အဖွဲ့တွေ စောင့်ကြည့်ခွင့် လာရောက် လျှောက်ထားတာ မရှိသေးတာဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အားနည်းလာနိုင်တယ်လို့ ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့တွေက ပြောပါတယ်။
မွန်ပြည်နယ်မှာ လာမယ့် ရွေးကောက်ပွဲမှာ စောင့်ကြည့်ဖို့ ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်ရေးအဖွဲ့တွေကို ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်နေ့ကတည်းက စတင် လက်ခံနေတာပါ။
ဒါပေမဲ့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်မယ့်အဖွဲ့တွေဟာ ယနေ့အချိန်အထိ လေ့လာစောင့်ကြည့်ခွင့် လာရောက် လျှောက်ထားတာ တဖွဲ့မှ မရှိသေးပါဘူး။
ဒါကြောင့် လေ့လာစောင့်ကြည့်ခွင့် လာရောက်လျှောက်ထားမှု မရှိသေးတာဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အားနည်းလာနိုင်တယ်လို့ မွန်ပြည်နယ်လူငယ်ကွန်ရက် ဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လဲ့မြင့်က ပြောပါတယ်။
အခုလို ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်မယ့်အဖွဲ့တွေ နည်းလာတာဟာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က စောင့်ကြည့်အဖွဲ့တွေအပေါ် စည်းမျဉ်းစည်းကမ်းတွေ တိုးတာအပြင် လုံခြုံရေးအပိုင်း တာဝန်မယူတာတွေကြောင့် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
ရွေးကောက်ပွဲလေ့လာ စောင့်ကြည်ရေးအဖွဲ့တွေ မရှိရင် နိုင်ငံရေးပါတီတွေက စည်းကမ်းလိုက်နာမှု အားနည်းလာနိုင်တဲ့အပြင် မသမာမှုတွေလည်း ဖြစ်ပေါ်လာနိုင်တယ်လို့ ၂၀၁၅ ရွေးကောက်ပွဲမှာ မွန်ပြည်နယ် ရွေးကောက်ပွဲ လေ့လာစောင့်ကြည်ခဲ့သူ ဦးခင်မောင်တင့်က ပြောပါတယ်။
ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်မယ့် အဖွဲ့တွေ လာရောက် လျှောက်ထားရင် လုပ်ဆောင်ပေးဖို့ အသင့်ပြင်ထားတယ်လို့ မွန်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်က ပြောပါတယ်။
မွန်ပြည်နယ်မှာတော့ ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတုန်းက ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့ ၁၇ ဖွဲ့အထိ ရှိခဲ့ပါတယ်။
ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်တာနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ရန်ကုန်အခြေစိုက် ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) ကို ကော်မရှင်က စောင့်ကြည့်ခွင့် မပေးဘူးလို့ သတင်းထွက်လာလို့ ကန့်ကွက် ဝေဖန်မှုတွေထွက်ပေါ်ခဲ့ပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူကတော့ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE)ကို ၂၀၂၀ ရွေးကောက်ပွဲ စောင့်ကြည့်ခွင့်ပြုထားတယ်လို့ ပြောထားပါတယ်။
သတင်း- ဇော်လွင်ထွဋ်