Home
ဆောင်းပါး
မူးယစ်တိုက်ဖျက်ရေးခေါင်းစဉ်အောက် အကြမ်းဖက်ခံ အမျိုးသမီးများ
DVB
·
August 18, 2020
လာမယ့်ရက်ပိုင်းအတွင်း လူ့လောကထဲ ရောက်လာတော့မှာဖြစ်တဲ့ သမီးငယ်အတွက် နေ့စေ့လစေ့ ကိုယ်ဝန်သည် မဂျီအောင် တစ်ယောက်စိတ်လှုပ်ရှားနေခဲ့ပါတယ်။ ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖက်ကာမှာနေထိုင်တဲ့ မဂျီအောင်အတွက် ဇူလိုင် ၂၁ မှာတော့ ထင်မှတ်မထားတဲ့ စိတ်ခြောက်ခြားစရာတစ်ခုကိုပါ တခါ ကြုံခဲ့ရပြန်ပါတယ်။ အဲဒီည ၈ နာရီလောက်မှာ သူ့အိမ်ကို လက်နက်ကိုင် TNLA တပ်သားတွေ ရောက်လာခဲ့ရာကနေ အစပြုခဲ့တာလို့ သူကဆိုပါတယ်။ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ဟာ ကွတ်ခိုင်အပါအဝင် ရှမ်းပြည်နယ် မြောက်ပိုင်း ဒေသမှာ လှုပ်ရှားပြီး ၂၀၁၀ နောက်ပိုင်းမှာ ပိုမိုအင်အားတောင့်တင်းလာတဲ့ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပါတယ်။ TNLA တပ်သားနှစ်ယောက်က ‘မူးယစ်ဆေးဝါးတိုက်ဖျက်ရေး’ ဆိုတဲ့ ခေါင်းစဉ်နဲ့ သူ့အိမ်ကိုဝင်စီးပြီး မွှေနှောက်ရှာဖွေခဲ့ကြတယ်လို့ မဂျီအောင်က ပြောပါတယ်။ သို့ပေမဲ့ နေအိမ်အတွင်း မူးယစ်ဆေး ရှာဖွေ မတွေ့ခဲ့တဲ့နောက် သူ့အမျိုးသားကို ရိုက်နှက်စစ်ဆေး၊ ထိုးနှက်မှုတွေလုပ်ကြတယ်လို့ သူကဆိုပါတယ်။ “ကျမ ယောက်ျားကို ဖမ်းတယ်။ ရိုက်တယ်။ ကျမက မရိုက်နဲ့ မခေါ်သွားနဲ့ ကျမက မွေးခါနီးပြီ။ အဲဒါနဲ့ ကျမ ပါးစပ်ကို လက်သီးနဲ့ ထိုးလိုက်တယ်” လို့ မဂျီအောင်တယောက် ငိုသံဖြင့် ပြောပြပါတယ်။ အားပြင်းတဲ့ TNLA စစ်သားရဲ့ လက်သီးချက်ကြောင့် လဲကျသွားခဲ့ရတဲ့ ကိုယ်ဝန်ဆောင်မိခင် မဂျီအောင်ဟာ သူ့အမျိုးသားကို တိရိစ္ဆာန်တစ်ကောင်လို စစ်သားတွေက တရွတ်တိုက် ဆွဲခေါ်သွားရာနောက်ကိုလိုက်ဖို့ အတွက် မတတ်စွမ်းနိုင်ခဲ့ပါဘူး။ လင်ယောက်ျားအတွက် ပူပင်သောကရောက်နေရတဲ့ ရင်ထဲကဒဏ်ရာ နဲ့ လက်သီးချက်ကြောင့်နာကျင်နေရတဲ့ မျက်နှာဆီက ဒဏ်ရာတွေကိုခံစားနေခဲ့ရရင်းနဲ့ နောက်တစ်ရက်မှာပဲ မဂျီအောင်မီးဖွားခဲ့ရပါတယ်။ “ပါးစပ်ဒဏ်ရာကတမျိုး၊ ဘေးက ပြုစုမယ့် ယောက်ျားကလည်းမရှိတော့ ဝမ်းနည်းရပြီး ငိုခဲ့ရတယ်” လို့ စိုးရိမ်စိတ်တွေကြား သမီးမိန်းကလေးကို မွေးဖွားခဲ့တဲ့သူမ ကပြောပါတယ်။ ဖမ်းသွားပြီး နောက်တစ်ရက်အကြာမှာ သူ့အမျိုးသားပြန်လွတ်လာခဲ့ပါတယ်။ “(ကျွန်တော့်မိန်းမ) ထိုးခံရပြီး လဲကျသွားတော့ ကိုယ်ဝန်ပျက်မှာ၊ နောက်တခုခု ဖြစ်မှာ ကျွန်တော် အရမ်းစိုးရိမ်တယ်။ ကျွန်တော်က သူတို့လက်ထဲမှာ ၂၄ နာရီ ရှိနေချိန်မှာ ကျွန်တော့်မိန်းမကို အရမ်းစိုးရိမ်ခဲ့တယ်” လို့ မဂျီအောင်ရဲ့ အမျိုးသား ဦးလရှီဂျယ်နော်က ဆိုပါတယ်။ သူစိတ်ပူခဲ့ရတဲ့ သူ့ကလေးနဲ့သူ့အမျိုးသား နှစ်ဦးစလုံး သူ့အနား ဘေးမသီရန်မခဘဲ ပြန်ရောက်လာခဲ့ပေမယ့် သူ့ရဲ့စိုးရိမ်စိတ်ကတော့ လျော့မသွားခဲ့ဘူးလို့ မဂျီအောင်ကဆိုပါတယ်။ အဲဒီနေ့ကအဖြစ်အပျက်တွေကို သူမရဲ့ မျက်လုံးတွင် ကွက်ကွက်ကွင်းကွင်း ပြန်လည်မြင်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ “ကျမ စိတ်ထဲမှာ အခုထိ စိတ်ညစ်နေတုန်းပဲ။ စိတ်လည်း မကောင်းဘူ။ ပြန်တွေးလိုက်တာ စိတ်ထဲဝင်လာတိုင်း ဝမ်းနည်းနေတုန်းပါ” လို့ မဂျီအောင် ငိုသံဖြင့် ပြောလာပါတယ်။ မဂျီအောင်လိုဘဲ မူးယစ်တိုက်ဖျက်ရေးခေါင်းစဉ်အောက်မှာ အခြားအမျိုးသမီးတွေလည်း ကိုယ်ထိလက်ရောက် ရိုက်နှက်ခံခဲ့ရပါတယ်။ ဇူလိုင် ၂၆ရက် ည သန်းခေါင်ချိန်မှာ ကွတ်ခိုင်မြို့နယ် ကာလိုင်ရွာက သူ့အိမ်ကို မူးယစ်ဆေးဝါး ရှာမယ်ဆိုပြီး TNLA တပ်သားတွေရာက်လာခဲ့ကြတယ်လို့ ကိုလဆန်က ပြောပါတယ်။ အိမ်ထဲမှာ မူးယစ်ဆေးရှာမတွေ့တော့ သူ့ကိုစရိုက်ခဲ့ပြီး ရိုက်နှက်တာတွေမလုပ်ဖို့ ဝင်တားတဲ့ သူ့အမျိုးသမီးလည်း TNLA တပ်သားက လက်သီးဖြင့် ထိုးခဲ့တယ်လို့ ကိုလဆန်က ဆိုပါတယ်။ “ အိမ်ကို သူတို့ဝင်လာပြီး တအိမ်လုံး မွှေနှောက်တယ်။ မတွေ့တော့ ကျွန်တော့်ကိုရိုက်တယ်။ အဲ့မှာ ကျွန်တော့်ရဲ့ မိန်းမ အခန်းထဲကနေ အော်တော့ သူတို့ဝင်သွားပြီး ထိုးတယ်။ ကျွန်တော့် မိန်းမက လဲကျသွားတယ်။ ကလေးလည်း လဲသွားတယ်”လို့ ကိုလဆန် က ပြန်ပြောပြပါတယ်။ အမျိုးသမီးအရေးလှုပ်ရှားသူတွေအပါအဝင် ဒေသခံ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက TNLA ရဲ့ အဲဒီလုပ်ရပ်တွေကို ရပ်တန့်ဖို့နဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်တဲ့အကြောင်း ဇူလိုင် ၃၁ က သဘောထားထုတ်ပြန်ခဲ့ကြပါတယ်။ ကချင်၊ ချင်း၊ ရှမ်းနဲ့ တအာင်း အပါအဝင် လူမျိုးစုကိုယ်စားပြုအသင်းအဖွဲ့ ၄၆ ဖွဲ့ရဲ့အဲဒီထုတ်ပြန်ချက်ထဲမှာ ဇူလိုင်လအတွင်း ရှမ်းပြည် မြောက်ပိုင်းဒေသ ကွတ်ခိုင်မြို့နယ်ရှိ ကာလိုင်ကျေးရွာ၊ နမ့်ဖတ်ကာကျေးရွာနှင့် မန်တုံမြို့တွင် နေထိုင်သည့် ဒေသခံ ပြည်သူ မီးဖွားခါနီး ကိုယ်ဝန်ဆောင် အမျိုးသမီး တဦး အပါအဝင် အမျိုးသမီး ၃ ဦး၊ ကလေးငယ် ၂ဦး၊ မသန်စွမ်း အမျိုးသားတဦး အပါအဝင် အမျိုးသား ၃ဦး စုစုပေါင်း (၈)ဦး ဟာ TNLA ရဲ့ လူ့အခွင့်အရေးချိုးဖောက်တာ ခံခဲ့ရတယ်လို့ ဆိုပါတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ယောက် လက်နက်အားကိုးပြီး ရိုက်နှက်တဲ့အပေါ် လူသားတယောက်အနေဖြင့် လုံးဝ မလုပ်သင့်တဲ့အရာလို့ ရိုက်နှက်ခံရတဲ့ အမျိုးသမီးတွေကို ကူညီပေးတဲ့ ဆရာမ ထန်ဒင့် က ပြောပါတယ်။ “ ရိုက်နှက်ခံရတဲ့ မီးဖွားခါနီး အမျိုးသမီး စိတ်မထိန်းနိုင်ရင် ရူးတောင်ရူးသွားနိုင်တယ်”သူက ပြောပါတယ်။ ပြစ်မှုကျူးလွန်တဲ့ TNLA လက်အောက်ငယ်သားတွေကို ထိရောက်စွာ အရေးယူ ပြစ်ဒဏ်ပေးစေချင်ကြောင်း၊ ဒေသခံပြည်သူများ၊ အမျိုးသမီးများကို ရိုက်နှက်မှုများထပ်မံ မလုပ်စေလိုကြောင်း လည်း ဆရာမ ထန်ဒင့် က ပြောပါတယ်။ “ ဒီလို ရိုက်နှက်တာဟာ ကျမတို့ (အမျိုးသမီးတွေ) အဖက်ဖက်နာပါတယ်။ အဓိက စိတ်ပိုင်းဆိုင်ရာ ပိုပြီးထိခိုက်ပါတယ်။ သွေးနုသားနုချိန် ထိတ်လန့်ပြီးနေနေရတဲ့အချိန်မှာ ကလေးရော မိခင်ပါ စိတ်ဒဏ်ရာရမှာ စိုးရိမ်နေရတယ်” လို့ ဆရာမ ထန်ဒင့်က ဆိုပါတယ်။ လူမှုအဖွဲ့အစည်းတွေစာထုတ်ပြီး နောက်တစ်ရက်အကြာမှာတော့ TNLA ဘက်က ကွတ်ခိုင်မှာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းစဉ်တွေ ပြုလုပ်နေစဉ်အတွင်း သူတို့တပ်ဖွဲ့ဝင်တွေ လူ့အခွင့်အရေး ချိုးဖောက်ခဲ့တယ်ဆိုတာကို ဝန်ခံခဲ့ပါတယ်။  ဒါပေမဲ့ ဘယ်အဖြစ်အပျက်တွေဆိုတာကိုတော့ ထုတ်ပြန်ချက်ထဲမှာ တိတိကျကျ ရည်ညွှန်းထားတာတော့ မရှိပါဘူး။ ကျူးလွန်သူတွေကို ထိရောက်တဲ့ အပြစ်ပေးမှာဖြစ်သလို ခံစားခဲ့ရတဲ့သူတွေကိုလည်း ပြန်လည် ကုစားပေးမယ် လို့ TNLA ထုတ်ပြန်ချက်က ဆိုပါတယ်။ “အမျိုးသမီးဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် ဒီလိုဖြစ်သွားတာကို ကျွန်တော်တို့ ပိုပြီးမလိုလားပါဘူး။ နောက်နောင် မဖြစ်အောင်လည်း တင်းကြပ်ပြီးဆောင်ရွက်ဖို့ရှိပါတယ်”လို့ TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးမိုင်းအိုက်ကျော် က ပြောပါတယ်။ လက်ရှိမှာ ပြစ်မှုကျူးလွန်တဲ့ တပ်သားတွေကို ဥပဒေကြောင်းအရ စစ်ဆေးဆဲ ကာလဖြစ်တာကြောင့် အသေးစိတ်မသိရှိရသေးဘူးလို့လည်း ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောပါတယ်။ TNLA နဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေဟာ မဂျီအောင်တို့ အိမ်ကိုရောက်လာခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်သူတွေကို နောက်တစ်ခါ ရောက်မလာနိုင်အောင် တားဆီးပေးနိုင်ခဲ့ပေမယ့် သွေးနုသားနုအချိန်မှာ မဂျီအောင်စိတ်ထဲက ဝင်လာခဲ့တဲ့ကြောက်စိတ်ကိုတော့ တားဆီးပေးနိုင်စွမ်းမရှိသေးပါဘူး။ “ ညအိပ်လည်း စိုးရိမ်ရ။ နေ့လယ်လည်း စိုးရိမ်ရ။ ညည ခွေးဟောင်ရင် အိပ်မရတော့ဘူး” လို့ မွေးဖွားစ ကလေးကို ချီထားတဲ့ သူက ပြောပါတယ်။ နန်းဆိုင်နွမ် hiburma.net ဝက်ဘ်ဆိုက်မှ ပြန်လည်ဖော်ပြသည်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024