အခြေခံဥပဒေပြင်ဆင်ရေး ဆန္ဒပြသူများ၏ တောင်းဆိုချက်ကို ထိုင်း ဒုဝန်ကြီးချုပ် အသိအမှတ်ပြု

အခြေခံဥပဒေပြင်ဆင်ဖို့ဆန္ဒပြသူတွေရဲ့ တောင်းဆိုချက်ကို အသိအမှတ်ပြုတဲ့အကြောင်း ထိုင်းနိုင်ငံ ဒုဝန်ကြီးချုပ် ပရာဝပ် ဝုန်ဆူဝမ်က သြဂုတ် ၁၇ ရက်မှာ ပြောကြားလိုက်ပါတယ်။ ပြည်သူတွေဟာ တခြားလူတွေရဲ့ အခွင့်အရေးကို မချိုးဖောက် မစွက်ဖက်သမျှ ကာလပတ်လုံး သူတို့ ထင်မြင်ချက်ကို ဖော်ပြနိုင်တယ်၊ စီတန်းလှည့်လည်နိုင်တယ်လို့လည်း သူက ပြောလိုက်ပါတယ်။ အစိုးရဟာ ဆန္ဒပြသူတွေအတွက် လုံခြုံရေးယူပေးဖို့ တာဝန်ရှိတယ်လို့ သူက ပြောပါတယ်။ လွတ်လပ်သောလူထုအုပ်စုက စီစဉ်တဲ့ အစိုးရဆန့်ကျင်ရေး လူထုဆန္ဒပြပွဲတွေနဲ့ ပတ်သက်ပြီး သတင်းထောက်တွေက အစိုးရအိမ်တော်မှာ မေးတဲ့ မေးခွန်းကို ဗိုလ်ချုပ်ကြီး ပရာဝပ်က ဖြေကြားခဲ့တာပါ။ ပြည်သူ့ဆန္ဒကို အခြေပြုတဲ့ အခြေခံဥပဒေအသစ်ကို ရေးဖို့ အခြေခံဥပဒေမူကြမ်း ရေးဆွဲရေးကော်မတီဖွဲ့စည်းဖို့နဲ့ ဒီမိုကရေစီ အခွင့်အရေးတွေကို ကျင့်သုံးနေတဲ့လူတွေကို နှိပ်စက်တာတွေ ရပ်တန့်ဖို့ ဆန္ဒပြသူတွေက ကြေညာချက် ထုတ်ပြန်ပြီး အစိုးရကို ဆော်သြလိုက်ပါတယ်။ လွှတ်တော်ကို ဖျက်သိမ်းဖို့ကိုလည်း အစိုးရကို တောင်းဆိုခဲ့ကြပါတယ်။ ဆန္ဒပြသူတွေက သူတို့ရဲ့ တောင်းဆိုချက် ၃ ရပ်ကို မဖြည့်ဆည်းပေးရင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို ပိုမြင့်တဲ့အဆင့် ရောက်အောင် မြှင့်တင်မယ်လို့ ပြောပါတယ်။ အရေးပေါ်ကာလအမိန့်ကို ချိုးဖောက်ပြီး လူစုလူဝေး လုပ်နေတဲ့ ဆန္ဒပြပွဲတွေအပေါ် အစိုးရက ဘာလို့ ဘာမှမလုပ်တာလဲလို့ မေးရာမှာ ဗိုလ်ချုပ်ကြီး ပရာဝပ်က “ကျနော်တို့ ဘာလုပ်နိုင်မှာလဲ”လို့ ဖြေပါတယ်။ သူ့ရဲ့ ပလန်ပရာချာရတ်ပါတီဟာ အခြေခံဥပဒေပြင်ဆင်ရေးအတွက် အသင့်ပဲ ပါတီဝင်တွေဟာ အမှုဆောင်ဘုတ်အဖွဲ့ကတဆင့် အပြောင်းအလဲတွေကို အဆိုပြုကြလိမ့်မယ်၊ အခြေခံဥပဒေဟာ ပြင်ကို ပြင်ရမယ်လို့လည်း သီးခြား လူတွေ့မေးမြန်းခန်းမှာ ဗိုလ်ချုပ်ကြီး ပရာဝပ်က ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up