YPS ကတ်စနစ်ဖြင့် ဘတ်စ်ကားစီးနင်းသူ ၂ ရာခိုင်နှုန်းသာရှိ

286
YPS ကတ်စနစ်နဲ့ ဘတ်စ်ကားစီးနင်းသူ ၂ ရာခိုင်နှုန်းလောက်ပဲရှိလို့ မျှော်မှန်းထား သလောက် မဖြစ်သေးတဲ့အပေါ် ကတ်စနစ်အောင်မြင်ဖို့ ပိုကြိုးစားဖို့လိုတယ်လို့ ရန်ကုန်မြို့မှာ ယာဉ်အစီးရေအများဆုံး ပြေးဆွဲနေတဲ့ YUPT ကုမ္ပဏီဥက္ကဋ္ဌ ဦးဇော်ထွန်းက တိုက်တွန်းလိုက်ပါတယ်။
ကုမ္ပဏီရဲ့တနေ့၀င်ငွေ ကျပ်သိန်း ၄၀၀ ကျော်လောက်ရတဲ့အပေါ် YPSကတ်နဲ့ ၁၀ ရာခိုင်နှုန်းလောက်စီးနင်းဖို့မျှော်မှန်းထားတာဖြစ်ပြီး တရက်ကို ၈ သိန်းလောက်ပဲ စီးနင်းမှုရှိတာကြောင့် ၂ ရာခိုင်နှုန်းလောက်သာ ကတ်နဲ့စီးသေးတယ်လို့ ဦးဇော်ထွန်းက ပြောပါတယ်။
YUPT ကုမ္ပဏီက အစိုးရရှယ်ယာထည့်၀င်ထားတဲ့ ယာဉ်အသစ်အစီး ၅၀၀နဲ့ ကုမ္ပဏီပိုင်ယာဉ် အသစ်အစီး ၂၀၀ မှာ သြဂုတ် ၈ ရက်နေ့ကစပြီး YPS ကတ်စနစ်နဲ့စီးနင်းလို့ရပြီဖြစ်ပေမဲ့ မျှော်မှန်း ထားသလောက် စီးနင်းမှုမရှိဘူးလို့ ဆိုပါတယ်။
ကုမ္ပဏီအနေနဲ့ ငွေပေးချေမှုစနစ်မရှိတော့မှသာ ၀င်ငွေအပြည့်အ၀ရရှိမှာဖြစ်ပြီး ကတ်စနစ် အောင်မြင်ဖို့ YBS ကုမ္ပဏီတွေအနေနဲ့ လုပ်ဆောင်လို့မရဘဲ ကတ်စနစ်အကောင်အထည်ဖော်သူ တွေက ပိုကြိုးစားဖို့လိုမယ်လို့လည်း ဦးဇော်ထွန်းက တိုက်တွန်းထားပါတယ်။
ရန်ကုန်မြို့မှာ YBS ယာဉ်အစီးရေ ၆၀၀၀ လောက်ရှိပြီး နေ့စဉ်ယာဉ်အစီးရေ ၄၀၀၀ လောက်နဲ့ ပြေးဆွဲပေးနေတာပါ။
ရန်ကုန်ငွေပေးချေခြင်း၀န်ဆောင်မှု YPSကတ်စနစ်ကိုတော့ ဇူလိုင် ၂၁ ရက်နေ့ကစပြီး YBPCအများပိုင်ကုမ္ပဏီနဲ့ ဗန္ဓုလအများပိုင်ကုမ္ပဏီရဲ့ ယာဉ်လိုင်းပေါင်း ၁၄ လိုင်းက ယာဉ်အစီးရေ ၆၀၀ လောက်မှာ စတင်အသုံးပြုလို့ရခဲ့တာပါ။