တောင်ကိုရီးယားတွင် ကိုဗစ်-၁၉ ဆေးစစ်မခံဘဲ တိမ်းရှောင်နေသူ ရာချီရှိ

928
တောင်ကိုရီးယားနိုင်ငံမှာ ခရစ်ယာန်ဘုရားကျောင်းတကျောင်းကို တက်ရောက်တဲ့ လူ ၃၀၀ ကျော် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီး တခြားရာချီတဲ့လူတွေ စစ်ဆေးခံဖို့ တိမ်းရှောင်နေကြတဲ့အတွက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အသစ်တွေ ဆက်တိုးနေခဲ့ပါတယ်။
ဒါကြောင့် လူစုလူဝေး ကန့်သတ်ချက်တွေကို ပိုချမှတ်မယ်လို့ တောင်ကိုရီးယား အစိုးရက သြဂုတ် ၁၇ ရက်မှာ သတိပေးလိုက်ပါတယ်။
တကယ်လို့ ကူးစက်မှုအသစ်တွေ ဒီသီတင်းပတ်အတွင်း မတည်ငြိမ်ဘူးဆိုရင် အစိုးရဟာ ရောဂါကူးစက်မှုနှုန်းမြင့်တဲ့ နေရာတွေကို ပိတ်ချပြီး လူ ၅၀ အထက် အခန်းတွင်း အစည်းအဝေးတွေနဲ့ လူ ၁၀၀ နဲ့အထက် အခန်းပြင်ပစုဝေးမှုတွေကို တားမြစ်ပိတ်ပင်တဲ့ အမိန့်ထုတ်မယ်လို့ ကျန်းမာရေးဒုဝန်ကြီး ကင်မ်ဂမ်လစ်ပ်က ပြောပါတယ်။
ဆိုးလ်မြို့တောင်ဘက် ယုံကျင်းမြို့က ခရစ်ယာန်ဘုရားကျောင်းကနေ လူ ၁၂၀ ကျော် ဗိုင်းရပ်စ်ကူးစက်ခံရပြီး ဆိုးလ်မြို့မြောက်ပိုင်းက ပါဂျူမြို့တွင်း စတားဘတ်ကော်ဖီဆိုင်ကနေ လူ ၃၀ လောက် ကူးစက်ခံခဲ့ရတယ်လို့ ရိုက်တာသတင်းမှာ ရေးပါတယ်။
သြဂုတ် ၁၅ ရက် ညသန်းခေါင်အထိ စာရင်းအရ ဆိုးလ်မြို့တော်က အများစုပါတဲ့ ကူးစက်ခံလူနာသစ် ၁၉၇ ယောက် ရှိတယ်လို့ ကိုရီးယား ရောဂါထိန်းချုပ်ရေးနဲ့ ဟန့်တားရေးဌာနက ပြောပါတယ်။
တနိုင်ငံလုံးမှာ အသစ်ကူးစက်ခံဦးရေ ရာနဲ့ချီရှိနေတာ ၄ ရက်ဆက်တိုက်ရှိနေတာကြောင့် အခုချိန်ထိ ကူးစက်ခံ အတည်ပြုလူနာပေါင်း ၁၅,၅၀၀ ကျော်ရှိပြီး ကူးစက်ခံ ၃၀၅ ယောက် သေဆုံးခဲ့ပါတယ်။