မကွေးတိုင်းတွင် သဘာဝဘေးကြောင့် လူဦးရေ ၃၄၀၀ ကျော်ဘေးသင့်၊ လူ ၁ ဦးသေဆုံး
DVB
·
August 17, 2020
မကွေးတိုင်းဒေသကြီးအတွင်းမှာ သဘာဝဘေးဒဏ်ကြောင့် လူဦးရေ ၃၄၀၀ ကျော် ဘေးသင့်ခဲ့ပြီး တစ်ဦးသေဆုံးခဲ့တယ်လို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ့မှု ဦးစီးဌာနကနေ သိရပါတယ်။
မကွေးတိုင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်စိုးက “ပြီးခဲ့တဲ့လအတွင်းက သဘာဝဘေးဖြစ်ပွားမှုအနေနဲ့ မကွေးခရိုင်မှာ ၃၂ ကြိမ်၊ မင်းဘူးခရိုင်မှာ ၁၁ ကြိမ်၊ ပခုက္ကူခရိုင်မှာ ၁၄ ကြိမ်၊ သရက်ခရိုင်မှာ ၁ ကြိမ် နဲ့ ဂန်ဂေါခရိုင်မှာ ၃ ကြိမ် စုစုပေါင်း ၆၁ ကြိမ် ဖြစ်ပွားခဲ့တယ်” လို့ ပြောပါတယ်။
သဘာဝဘေး အမျိုးမျိုးကြောင့် အိမ်ထောင်စု ၈၅၈ စု၊ လူဦးရေ ၃၄၀၆ ဦး ဘေးသင့်ခဲ့ပြီး ဂန်ဂေါခရိုင်အတွင်းမှာ မိုးကြိုးထိမှန်ပြီး ၁ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလို သဘာဝဘေးသင့် ပြည်သူတွေကို တစ်ပတ်စာ ဆန်ရိက္ခာဖိုး၊ အိမ်ဆောက်ပစ္စည်းဖိုး စုစုပေါင်း ကျပ် သိန်း ၅၄၀ ကျော်နဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ ထောက်ပံ့ ပေးထားတယ်လို့လည်း သိရပါတယ်။
သတင်း-မင်းထီး