ဘဲလာရုစ်သမ္မတ ရာထူးမှဆင်းပေးရန် ပြည်သူလူထု သိန်းချီဆန္ဒပြ

ဘဲလာရုစ်နိုင်ငံရဲ့မြို့တော် မင့်ခ်စ်ရဲ့မြို့လယ်မှာ သြဂုတ် ၁၆ ရက်က အကြီးဆုံး ဆန္ဒပြပွဲ အတွင်း ဆန္ဒပြသူတွေက သမ္မတ ရာထူးကနေ ဆင်းပေးလို့ ကြွေးကြော်ခဲ့ကြပါတယ်။
သက်တော်ရှည်သမ္မတ အလက်ဇန်းဒါးလူကာရှန်ကိုက အရင်အပတ်က ရွေးကောက်ပွဲမှာ ပြန်ပြီး ရွေးကောက်တင်မြှောက်ခံခဲ့ရပြီး ရုရှအစိုးရကလည်း လိုအပ်လာရင် သူ့ကို စစ်ရေးအကူ အညီပေးဖို့ ကမ်းလှမ်းမယ်လို့ ပြောခဲ့အပြီးမှာ ဆန္ဒပြပွဲတွေ ပိုကြီးလာခဲ့တာပါ။
သမ္မတက မဲ ၈၀ ရာခိုင်နှုန်းနဲ့သူနိုင်တယ်လို့ ပြောပေမယ့် အတိုက်အခံတွေကတော့ သမ္မတ ဟာ လူထုထောက်ခံမှု မရှိတော့ဘူးဆိုတဲ့အချက်ကို ပုံဖျက်ဖို့ မဲမသမာမှုတွေ လုပ်ခဲ့တယ်လို့ စွပ်စွဲ ထားပါတယ်။
လူ ၂ သိန်းလောက် ပူးပေါင်းခဲ့တဲ့ ဆန္ဒပြပွဲမှာ ရဲတွေကိုတော့ မမြင်ရဘူးလို့ ရိုက်တာ သတင်းဌာနရဲ့သတင်းထောက်က ခန့်မှန်းပြောဆိုပါတယ်။
ကျန်ခဲ့တဲ့ တနင်္ဂနွေနေ့မဲပေးပွဲအပြီး ဆန္ဒပြသူတွေ အနှိမ်နင်းခံရလို့ လူ ၂ယောက်ထက် မနည်း သေဆုံးပြီး ထောင်ချီတဲ့လူတွေ အဖမ်းခံခဲ့ရပါတယ်။
ဆိုဗီယက်ပြည်ထောင်စုကနေ ဘဲလာရုစ်နိုင်ငံက ၁၉၉၁ ခုနှစ်မှာ ခွဲထွက်အပြီး နိုင်ငံတွင်းမှာ သုံးခဲ့တဲ့ အလံကို ဆန္ဒပြသူတွေက ကိုင်စွဲခဲ့ကြပါတယ်။ ဘဲလာရုစ်နိုင်ငံ အဓွန့်ရှည်ပါစေ၊ကျနော်တို့ မမေ့ဘူး ခွင့်မလွှတ်ဘူးလို့လည်း ဆန္ဒပြသူတွေက ကြွေးကြော်ခဲ့ ကြပါတယ်။
သမ္မတရဲ့အတိုက်အခံပြိုင်ဘက်ကလည်း မင့်ခ်စ်မြို့တော်နဲ့ တခြားမြို့တွေမှာ တနင်္ဂနွေနေ့ ရောက်ရင် လွတ်လပ်ရေးချီတက်ပွဲအကြီးအကျယ် လုပ်ဖို့ ဆော်သြထားပါတယ်။