ဘုရားသုံးဆူ မြန်မာအလုပ်သမားများ လုပ်ခအနှိမ်ခံရမှု ဖြေရှင်းပေးပါ
DVB
·
June 12, 2013
ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူမြို့က မြန်မာအလုပ်သမားများကိုယ်စား တင်ပြပါရစေ။ မြန်မာပြည်ဘက်အခြမ်း ဘုရားသုံးဆူမှာနေထိုင်ကြတဲ့ ကျနော်တို့ မြန်မာအလုပ်သမား ၅ ထောင်ကျော်ဟာ နေ့စဉ် နံနက်စောစောအချိန်မှာ ထိုင်းနယ်မြေဘက်က ဘုရားသုံးဆူကို သွားရောက် အလုပ် လုပ်ကိုင်ကြပါတယ်။ ညနေပိုင်းမှာ မြန်မာပြည်ဘက်ဘုရားသုံးဆူကို ပြန်အိပ်ကြပါတယ်။ စက်ရုံတွေက ထိုင်းနယ်မြေမှာပါ။ ဖိနပ်စက်ရုံ၊ သားရေစက်ရုံ၊ ကားဆိုဖာစက်ရုံ၊ ဘောလီ၊ ဗစ်နဲ့ အထည်ချုပ်စက်ရုံ အားလုံးပေါင်း ၄၀ နီးပါးမှာ သွားရောက် လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။
ကျနော်တို့ မြန်မာအလုပ်သမားတွေဟာ တနေ့လုပ်အား ထိုင်းဘတ် ၈၀ ပဲရကြပြီး တခြားနယ်စပ်မှာ တနေ့လုပ်အားခ ဘတ် ၂၅၀၊ ထိုင်းနိုင်ငံအတွင်းမှာ ၃၀၀ အထိ သတ်မှတ်ထားတယ်လို့ သိရပါတယ်။ လုပ်အားခတိုးပေးဖို့ အလုပ်ရုံပိုင်ရှင်နဲ့ အကြိမ်ကြိမ် ညှိနှိုင်းလို့လည်း အဆင်မပြေ၊ ဒေသခံ မြန်မာအာဏာပိုင်တွေဖြစ်ကြတဲ့ ဘုရားသုံးဆူဒေသဖွံ့ဖြိုးရေးကော်မတီနဲ့ နယ်ခြားကော်မတီတွေကို အကြိမ်ကြိမ် တင်ပြ တောင်းဆိုတာလည်း အခုထိ မထူးခြားပါ။
အဲဒါကြောင့် သက်ဆိုင်ရာ အလုပ်သမားဝန်ကြီးဌာနကနေ တိုက်ရိုက်လာပြီး ဘုရားသုံးဆူက နစ်နာနေတဲ့ ကျနော်တို့ အလုပ်သမားတွေကို ကြည့်ရှု့စောင့်ရှောက် အကာအကွယ်ပေးပါလို့ အလုပ်သမားတွေရဲ့ကိုယ်စား တင်ပြလိုက်ရပါတယ်။
ဘုရားသုံးဆူမြို့က မြန်မာအလုပ်သမားတဦး