Live
Home
မြန်မာသတင်း
ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ ကိုယ်စားလှယ်လောင်း ၄ ဦး ပယ်ဖျက်ခံရ 
DVB
·
August 17, 2020
ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီအနေနဲ့  ကိုယ်စားလှယ်လောင်း ၈ ဦး ၂၀၂၀ ရွေးကောက်ပွဲဝင်ပြိုင်ဖို့  စာရင်းတင်သွင်းထား​ရာမှာ ရွေးကောက်ပွဲဥပဒေနဲ့ ငြိစွန်းတဲ့အတွက်  ၄  ဦး ပယ်ချခံခဲ့ရတယ်လို့ ပါတီခေါင်းဆောင်က ပြောပါတယ်။ စစ်တွေခရိုင် ပြည်သူ့လွှတ်တော်မှ ၁ နေရာ၊ ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ၁ နေရာနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်  ၂ နေရာ၊ စုစုပေါင်း ၄ နေရာ ပယ်ချခံခဲ့ရတာလည်း ဖြစ်ပါတယ်။ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီ နာယက ဦးကျော်မင်းက  “လေးနေရာ ပယ်ချခံခဲ့ရတယ်။ ဘာကြောင့် ပယ်ရသလဲဆိုတာက ကျနော်တို့ကို မွေးဖွားတဲ့အချိန်မှာ မိဘနှစ်ပါးက နိုင်ငံသားမဖြစ်သေးဘူး ဆိုပြီး အကြောင်းပြချက်တစ်ခုတည်းနဲ့ ပယ်ချတယ်။ မိဘနှစ်ပါးစလုံးက အမျိုးသားမှတ်ပုံတင် (နိုင်/ကတ်) ကိုင်ထားကြတာပါ။ အဲဒီမှတ်ပုံတင်ကိုင်တဲ့သူတွေက ဘာဖြစ်လို့ နိုင်ငံသားမဖြစ်သလဲ ဆိုတာ မွေးခွန်းထုတ်စရာပါ။ ကျနော်တို့ ပြည်နယ်ကို အယူခံတက်ရောက်ဖို့ စီစဉ်နေပါတယ်” လို့  ပြောပါတယ်။ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေတွေနဲ့  စစ်ဆေးရာမှာ  ရွေးကောက်ပွဲကော်မရှင် ဥပဒေပုဒ်မ ၁၀(င) နဲ့ ငြိစွန်းတဲ့အတွက် ပယ်ရတာဖြစ်တယ်လို့ မောင်တောခရိုင် ကော်မရှင်ဥက္ကဋ္ဌက ပြောပါတယ်။ “ပယ်ဖျက်တယ်ဆိုရင် ကိုယ့်သဘောနဲ့ကိုယ် လုပ်လို့မရဘူး။ ရွေးကောက်ပွဲကော်မရှင်မှာ ဥပဒေ၊ နည်းဥပဒေတွေ ရှိတယ်။ ကော်မရှင်အဖွဲ့ခွဲဝင်တွေက အဲဒီကိုယ်စားလှယ်လောင်းတွေကို စစ်ဆေးတဲ့အခါမှာ သူတို့ မွေးဖွားစဉ်မှာ မိဘနှစ်ပါးက နိုင်ငံသားမဖြစ်သေးတဲ့အတွက် ရွေးကောက်ပွဲကော်မရှင်ဥပဒေပုဒ်မ ၁၀(င) နဲ့ ငြိစွန်းတဲ့အတွက် ပယ်ရတာ ဖြစ်တယ်။ ဒီဥပဒေတွေ၊ ပုဒ်မတွေနဲ့ ငြိစွန်းရင် ကိုယ်စားလှယ်ဖြစ်လို့မရဘူး။ ဖြစ်ခွင့်မရှိဘူး။”  တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေ အခန်း ၅ မှာ ရွေးကောက်တင်မြှောက်ခံ ပိုင်ခွင့်ရှိသူများနှင့် ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိသူများဟု အဓိပ္ပာယ်ဖွင့်ဆိုရာတွင် ‘မွေးဖွားစဉ်က နိုင်ငံသားမဖြစ်သေးသော မိဘတစ်ပါးပါးမှ ဖြစ်စေ၊ နှစ်ပါးလုံးမှဖြစ်စေ မွေးဖွားသည့်နိုင်ငံသား’ ဆိုတဲ့အချက် ပါဝင်ပါတယ်။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီဟာ ၂၀၂၀ ရွေးကောက်ပွဲအတွက် တနိုင်ငံလုံးမှာ ၈ နေရာ ဝင်ပြိုင်ဖို့ လျှောက်ထားရာမှ ၄ နေရာပယ်ချခံရတဲ့အတွက်  ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ ၁ နေရာနဲ့ ရန်ကုန်တိုင်းမှာ ၃ နေရာ စုစုပေါင်း ၄ နေရာသာ ဝင်ပြိုင်ခွင့်ရရှိထားပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲတုန်းကလည်း  ၁၈ နေရာ ဝင်ပြိုင်ဖို့ စာရင်းတင်သွင်းခဲ့ပြီး ၁၅ ဦး အပယ်ခံခဲ့ရကာ ၄ နေရာသာ ဝင်ပြိုင်ခွင့်ရခဲ့တယ်လို့ သိရပါတယ်။ သတင်း- လင်းလက်

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024