ကစားသမားသစ် မခေါ်ယူပါက အသင်းကနေ ထွက်ခွာမည်ဟု မက်ဆီ ပြော

အသင်းမှာ အပြောင်းအလဲ ကြီးကြီးမားမားမလုပ်ရင် အသင်းကနေ ထွက်ခွာတော့မယ်လို့ မက်ဆီက ဘာစီလိုနာအသင်းဘုတ်အဖွဲ့ကို ပြောခဲ့တယ်လို့ စပိန်ကလာတဲ့ သတင်းတွေမှာ ဖော်ပြပါတယ်။ ဘာစီလိုနာအသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းကို ၈ ဂိုး - ၂ ဂိုးနဲ့ အရှက်တကွဲ ရှုံးနိမ့်မှုကနေ ရုန်းထွက်ဖို့ ကြိုးစားနေရဆဲဖြစ်ပြီး လက်ရှိအချိန်မှာတော့ စပိန်အသင်းအတွက် ပြောင်းလဲမှုတချို့ ရှိလာခဲ့တာကို တွေ့ရပါတယ်။  Esporte Interativo သတင်းမှာ ဖော်ပြချက်အရ ဒီနွေရာသီမှာ အသင်းအတွက် ပြောင်းလဲမှုမလုပ်ဘူးဆိုရင် အသင်းက ထွက်ခွာတော့မယ်လို့ မက်ဆီက ဘာစီလိုနာ တာဝန်ရှိသူတွေကို ပြောခဲ့တယ်လို့ သိရပါတယ်။  ဒါပေမဲ့ Sport သတင်းမှာတော့ မက်ဆီက ဒီလိုမျိုး ပြောဆိုထားမျိုး မရှိထားဘူးလို့ ဘာစီလိုနာ တာဝန်ရှိသူတွေက ငြင်းဆိုထားကြောင်း ဖော်ပြထားပါတယ်။  စပိန် တခြားသတင်းတွေမှာလည်း အသက် ၃၃ နှစ်အရွယ် မက်ဆီဟာ သူ့အနာဂတ်နဲ့ ပတ်သတ်ပြီး ဘာမှမဆုံးဖြတ်ရသေးဘူးလို့ ရေးသားထားပါတယ်။ လက်ရှိအချိန်မှာ ဘာစီလိုနာအသင်းဟာ နည်းပြ ကွီကေးဆတ်တီယန်ကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီဖြစ်ပြီး အသင်းဥက္ကဋ္ဌ ဘာတိုမြူဟာလည်း ပြင်းထန်တဲ့ဖိအားတွေအောက်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ဘိုင်ယန်အသင်းကို ၈ ဂိုးနဲ့ ရှုံးနိမ့်ခဲ့မှုဟာ ၁၉၄၆ ခုနှစ်နောက်ပိုင်း ဘာစီလိုနာအသင်းအတွက် အကြီးမားဆုံး ရှုံးနိမ့်မှုဖြစ်ပြီး ဒီရလဒ်နဲ့အတူ ရီးရဲလ်မက်ဒရစ်အသင်းကို လာလီဂါ ချန်ပီယံပြိုင်ပွဲမှာ ရှုံးနိမ့်ခဲ့ရမှုဟာလည်း အသင်းအတွက်ပိုပြီး အထိနာစေခဲ့ရပါတယ်။ ဘာစီလိုနာနဲ့ မက်ဆီရဲ့စာချုပ်ဟာ နောက်နှစ်နွေရာသီအထိ ဆက်ရှိနေမှာဖြစ်ပြီး အာဂျင်တီးနားသားကို အသင်းမှာ ဆက်ထိန်းချင်တယ်ဆိုရင်တော့ ဘာစီလိုနာအနေနဲ့ ကောင်းမွန်တဲ့ ပြန်လည်ထူထောင်ရေး အစီအစဉ်တစ်ခုကို မဖြစ်မနေချပြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။  ဒါပေမဲ့ အသင်းရဲ့ဘဏ္ဍာရေးအခြေအနေဟာ ပြီးခဲ့တဲ့လတွေအတွင်း ဆိုးဆိုးရွားရွား ဖြစ်ခဲ့တာကြောင့် မက်ဆီ လိုချင်တဲ့အတိုင်း အသင်းကို သွေးသစ်လောင်းဖို့ဆိုတာ ပြဿနာတစ်ခု ဖြစ်လာနိုင်စရာ ရှိပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up