A d v e r t i s e m e n t With Us

ဘန်ကောက်တွင် လွှတ်တော်ဖျက်သိမ်းရေးနှင့် အခြေခံဥပဒေပြင်ဆင်ရေး တောင်းဆိုဆန္ဒပြ

ထိုင်းနိုင်ငံရဲ့ မြို့တော်ဘန်ကောက်က ဒီမိုကရေစီကျောက်တိုင်နားမှာ လွတ်လပ်တဲ့ လူငယ်အုပ်စုတွေ ဦးဆောင်တဲ့ လူထုဟာ လွှတ်တော်ဖျက်သိမ်းရေးနဲ့ အခြေခံဥပဒေ ပြန်ပြင်ဆင်ရေးဆွဲရေးအတွက်  သြဂုတ် ၁၆ ရက်က စုရုံးတောင်းဆိုဆန္ဒပြကြပါတယ်။ ဆန္ဒပြခေါင်းဆောင်တွေ အသီးသီးမိန့်ခွန်းပြောရာမှာ ၂၀၁၄ အာဏာသိမ်း စစ်ခေါင်းဆောင်ဟောင်းကနေ ဝန်ကြီးချုပ်ဖြစ်လာသူ ပရာယွတ်သ်ရာထူးက နုတ်ထွက်ဖို့နဲ့ နိုင်ငံရေးမှာ စစ်တပ်က လွှမ်းမိုးမှု အဆုံးသတ်ရေး ဆော်သြခဲ့ကြပါတယ်။ ဒါ့အပြင် သမ္မားဆတ်တက္ကသိုလ် ဒီမိုကရေစီလိုလားသူများအုပ်စုက ဆန္ဒပြသူတွေက စည်းမျဉ်းခံဘုရင်စနစ် ပြုပြင်ပြောင်းလဲရေး အချက် ၁၀ ချက်ကိုလည်း တောင်းဆိုခဲ့ကြတာပါ။ သူတို့ဟာ စည်းမျဉ်းခံဘုရင်စနစ်ရဲ့ အခန်းကဏ္ဍနဲ့ သြဇာကို မေးခွန်းထုတ်ရာမှာ ဆယ်စုနှစ်ချီ အစဉ်အလာ တားမြစ်ချက်ကို ချိုးဖျက်တဲ့ တတိယမြောက်ကျောင်းသားဆန္ဒပြအုပ်စု ဖြစ်လာ ပါတယ်။ သမ္မားဆတ်တက္ကသိုလ်ရဲ့ ဘန်ကောက်မြို့စွန်က ရန်စစ်တက္ကသိုလ်နယ်မြေမှာလည်း ဆန္ဒပြ သူ အယောက် ၃၀၀၀ လောက် စုရုံးခဲ့ပြီး ဒီမိုကရေစီအဓွန့်ရှည်ပါစေလို့ သြဂုတ်လ ၁၀ ရက်ညက ဟစ်ကြွေးခဲ့ကြပါတယ်။ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာကတော့ ဆန္ဒပြပွဲတွေက ဥပဒေနဲ့ ညီ၊ မညီဆိုတာနဲ့ ဆန္ဒပြပွဲတွေ နောက်ကွယ်မှာ တယောက်ယောက် ရှိနေလားဆိုတာ သူ့အစိုးရဟာ စုံစမ်းနေတယ်လို့ သြဂုတ် ၁၃ ရက်က ပြောပါတယ်။ ထိုင်းနိုင်ငံရဲ့ ရှေးရိုးစွဲယဉ်ကျေးမှုအရ နတ်ဘုရားတပိုင်းလို ယူဆထားကြတဲ့ ဘုရင်စနစ်ကို ပြုပြင်ပြောင်းလဲဖို့ တောင်းဆိုချက်ကြောင့် ကျောင်းသားဆန္ဒပြသူတွေ လွန်လွန်းနေပြီလို့ ဝန်ကြီးချုပ်က  သြဂုတ်လ ၁၁ ရက်က ပြောပါတယ်။ ၂၀၁၆ မှာ ဖခမည်းတော်ဘုရင်ကြီးဘူမိဘော နတ်ရွာစံလို့  နန်းတက်လာတဲ့ ဘုရင် မဟာဝဇီရာ လောင်ကွန်းက တော်ဝင်မိသားစုကို စော်ကားမှုဆိုင်ရာဥပဒေတွေနဲ့ ဘယ်သူ့ကိုမှ မဖမ်းဆီးဖို့ ဝန်ကြီးချုပ်ကို ပြောထားတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဆန္ဒပြပွဲတွေမှာ တော်ဝင်မိသားစုနဲ့ ပတ်သက်တာတွေကို မဆန့်ကျင်ကြဖို့ ဝန်ကြီးချုပ်က ဇွန်လတုန်းက သတိပေးထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up