Home
မြန်မာသတင်း
ပန်းတနော် အောက်ဒေါင့်ကြီးရွာ၌ ရေကြီး၊ ကမ်းပြိုပြီး ရွာသားများစားဝတ်နေရေး အခက်ကြုံ
DVB
·
August 16, 2020
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ ရေပေါ်ကြီးအုပ်စုရှိ အောက်ဒေါင့်ကြီးကျေးရွာမှာ ရေကြီး၊ ကမ်းပြိုတာကြောင့် ဒေသခံရွာသားတွေ  စားဝတ်နေရေး အခက်အခဲနဲ့ ရင်ဆိုင်နေရပါတယ်။ လွန်ခဲ့တဲ့ ၅ ရက်လောက်ကစပြီး  ရေကြီး၊ ရေလျှံမှုတွေဖြစ်ပြီး အခုအချိန်မှာ  ရေခဏတာ ကျဆင်းသွားပေမဲ့  ရွှံ့၊ နွံတွေ ရွာလုံးပြည့်တင်ကျန်ခဲ့ပြီး  ကျေးရွာနေပြည်သူတွေ သွားလာရတဲ့အခါ ခြေဗလာနဲ့သာ လှုပ်ရှားသွားလာနေရ ပါတယ်။ အောက်ဒေါင့်ကြီးကျေးရွာမှာ လူနေအိမ်ခြေပေါင်း ၂၀၀ လောက်ရှိပြီး  မြေနိမ့်ပိုင်းရှိ နေအိမ်တွေကတော့  ရေလွှမ်းမိုးကာ နစ်မြုပ်သွားပါတယ်။ ကျန်ရှိတဲ့ နေအိမ်တွေကို ရေနစ်မြုပ်ခြင်း မရှိအောင် ဒေသခံတွေက ကိုယ်ထူကိုယ်ထ လုပ်ဆောင်နေကြရပြီး တချို့ရွာသားတွေကတော့ အိမ်ခေါင်မိုးနဲ့  လွတ်ရုံသာ  နေထိုင်နေရပါတယ်။ အောက်ဒေါင့်ကြီးကျေးရွာရှိ ကျောင်းထိုင်ဆရာတော်တစ်ပါးက “ ပြောမယ်ဆိုရင် နှစ်ပေါင်းက ၂၀ လောက်ဖြစ်ပြီ၊ အကြိမ်တိုင်းအကြိမ်တိုင်း ဒီမိုးရာသီရောက်ပြီဆိုကတည်းက ဒီရေဒုက္ခကို ရောက်ပြီ။  အနည်းနဲ့အများပဲပေါ့။ အခု ရေကြီးတဲ့ ဒုက္ခဆိုရင် သုံးနှစ်ဆက်တိုက်လောက်ကတော့ တော်တော်ကြီးကို ကြီးတာ။ ရေဒုက္ခတင်တောင် မဟုတ်ဘူး ကမ်းကလည်း ပြိုသေးတယ်။ ကမ်းပြိုတော့ လူတွေက ပြေးရတယ်။ အိမ်တွေဘာတွေဆိုလည်း ဖျက်ပြေးရတယ်။ မီရင်လည်းမီတယ်၊ မမီရင်လည်း ဖျက်နေရင်းနဲ့ လူကအပေါ်မှာ တက်နေရင်းနဲ့ အောက်ကနေ ကမ်းပြိုလို့ ပါသွားတာတွေလည်းရှိတယ်”လို့ မိန့်ပါတယ်။ ရေကြီး၊ကမ်းပြိုမှုကြောင့် ပျက်စီးဆုံးရှုံးမှုဟာ မနှစ်ကအခြေအနေပိုဆိုးပြီး အစိုးရထံက အကူအညီရခဲ့ပေမဲ့ အခုနှစ်မှာတော့ တစ်စုံတစ်ရာပံ့ပိုးကူညီတာ မရှိသေးဘူးလို့လည်း ဆရာတော်က မိန့်ကြားပါတယ်။ ဒါ့အပြင် ရွာမှာနေတဲ့ ကလေးတွေရဲ့ ပညာရေးနဲ့ ပတ်သက်ပြီးလည်း  စာသင်ကျောင်းဆောက်ဖို့ အစိုးရက ဘတ်ဂျက်ချထားပေမဲ့ ဆက်လက် ဆောက်လုပ်ခြင်းမရှိတဲ့ အတွက်   ကျောင်းတွေပြန်ဖွင့်တဲ့အခါ ကျောင်းသားတွေ  ပညာသင်ယူဖို့  ​နှောင့်နှေး အခက်အခဲတွေ့နိုင်တယ်လို့ ဆိုပါတယ်။  Yuzana Group Donation လူမှုကူညီရေးအသင်းသားတွေကတော့   ဆန်၊ ဆီ၊ဆား အစရှိတဲ့ စားသောက်ကုန်ပစ္စည်းတွေကို  လာရောက်လှူဒါန်းခဲ့ပြီး ဆရာတော်ကို ဝါဆိုသင်္ကန်းနဲ့ ဝတ္ထုငွေကျပ် ၁ သိန်း ဆပ်ကပ်ပူဇော်ခဲ့ပါတယ်။ ''သွားလာရခက်ခဲကြမ်းတမ်းပြီး လူအရောက်အပေါက်နည်းတဲ့ အခုလို ဒုက္ခရောက်နေတဲ့ ကျေးရွာမျိုးတွေကို တစ်ခြား လူမှုအဖွဲ့အစည်းတွေကလည်း တစ်နိုင်တစ်ပိုင် လှူဒါန်းပေးစေချင်ပါတယ်''လို့ Yuzana Group Donation လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ  ဦးအောင်ဆန်းမြင့်က ပြောပါတယ်။ သတင်း- အိသဇင်ခိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024