စစ်တပ် လော်ဘီမလုပ်ဟု PPP ပါတီ ခေါင်းဆောင်တစ်ဦးပြော

နိုင်ငံတစ်နိုင်ငံမှာ တပ်မတော်ဟာ ရှိသင့်တဲ့အဖွဲ့အစည်းမို့ သဘောကျလက်ခံပေမဲ့ တပ်မတော်ရဲ့ လော်ဘီမလုပ်ဖူးလို့ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဗဟိုအလုပ်အမှုဆောင် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးသောင်းမြင့်က ပြောပါတယ်။
ဒီနေ့မနက် ပုသိမ်မြို့မှာ ကျင်းပတဲ့ ပြည်သူ့ရှေ့ဆောင်ပါတီရဲ့ ဧရာဝတီတိုင်းရုံးဖွင့်ပွဲနဲ့ ဆိုင်းဘုတ်တင်ပွဲအခမ်းအနားမှာ အခုလိုပြောကြားသွားတာပါ။
"ကျနော်တို့ပါတီက စစ်တပ်ကိုလက်ခံတယ်၊ သဘောကျတယ်။ ဒါပေမဲ့ စစ်တပ်လော်ဘီမလုပ်ပါဘူး။ နိုင်ငံတနိုင်ငံမှာ ပါတီတွေ တိုင်းရင်းသားတွေ၊ အရပ်ဖက်လူမှု အဖွဲ့အစည်းတွေ၊ အန်ဂျီအိုတွေက စည်းစည်းရုံးရုံးရှိသင့်တယ်။ ဒါကြောင့် သဘောထားချင်း တူညီမယ်ဆို ပေါင်းစည်းသွားမယ်။ မတူတာတွေ ဖယ်ထုတ်မယ်။ တူတာတွေဆို အားလုံးပေါင်းမယ်လို့ ပါတီရဲ့မူဝါဒမှာ ပါပြီးသားပါ"လို့ PPP ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးသောင်းမြင့်က ပြောပါတယ်။
ဒါ့အပြင် တပ်မတော်ကို လက်ခံတယ်ဆိုပေမဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်ထဲမှာ ၂၅ ရာခိုင်နှုန်းရှိနေတာကို လျှော့ချသွားမယ်ဆိုတဲ့ကိစ္စကိုလည်း သြဂုတ် ၁၄ ရက်ကက ကာကွယ်ရေးဦးစီးချုပ်နဲ့ နိုင်ငံရေးပါတီ ၃၄ ပါတီ တွေ့ဆုံပွဲမှာ ပါတီခေါင်းဆောင်က ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
နိုင်ငံရေးမလုပ်ဖူးသလို ထောင်လည်း မကျဖူးပေမယ့် တိုင်းပြည်ကို တိုးတက်စေချင်တယ်လို့ ဦးသောင်းမြင့်က ပြောပါတယ်။
"ကျနော် ထောင်လည်းမကျဖူးဘူး။ နိုင်ငံရေးလည်း မလုပ်ဖူးဘူး။ ဒါပေမဲ့ တိုင်းပြည်ကိုတော့ တိုးတက်စေချင်တယ်။ နောက်ကျမကျန်ခဲ့စေချင်ဘူး။ ဒီအစိုးရလက်ထက်မှာ တိုင်းပြည်ရဲ့ စီးပွားရေးက ကျဆင်းလာလို့ ကျနော်တို့ပါတီက စီးပွားရေးကို အဓိက လုပ်ဆောင်မှာ ဖြစ်ပါတယ်။"
PPPပါတီဟာ ၂၀၂၀ ရွေးကောတ်ပွဲမှာ ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ် ၇ မြို့နယ်မှာ ကိုယ်စားလှယ်လောင်း ၁၈ ဦး ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တယ်လို့ PPPပါတီရုံးက သိရပါတယ်။
ရွှေရည်ဝင်း