ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ထပ်ဖြစ်နိုင်
DVB
·
August 16, 2020
ဒီကနေ့ မွန်းလွဲပိုင်း မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲအချိန် တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ လာမယ့် ဩဂုတ် ၁၉ ရက်နေ့ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်တယ်လို့ မိုးဇလဌာနက ခန့်မှန်းထုတ်ပြန်ပါတယ်။
ကပ္ပလီပင်လယ်ပြင်မှာ မုတ်သုံလေအားအသင့်အတင့်ရှိနေပြီး ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေ အားကောင်းနေတယ်လို့ ဆိုပါတယ်။
မြန်မာ့ပင်လယ်ပြင် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန် တစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းတွေ ကျရောက် လှိုင်းကြီးနိုင်ပြီး မိုးသက် လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
လှိုင်းအမြင့်ကတော့ မြစ်ဝကျွန်းပေါ် ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ ၉ ပေမှ ၁၃ ပေလောက်နဲ့ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၅ ပေမှ ၈ ပေခန့် ရှိနိုင်တယ်လို့ ဆိုပါတယ်။
ဩဂုတ် ၁၄ ရက်ကလည်း ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်ခဲ့ပြီး အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်းကမ်းခြေနဲ့ အနောက်ဘင်္ဂလားပြည်နယ်တို့ကို ဝင်ရောက်သွားခဲ့ပါတယ်။