တာချီလိတ်တွင် အိုက်စ်မူးယစ်ဆေးဝါး ကီလို ၆၀၀ ကျော်ဖမ်းဆီးရမိ
DVB
·
August 15, 2020
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်မှာ အိုက်စ် မူးယစ်ဆေးဝါး ကီလို ၆၀၀ ကျော်တင်ဆောင်လာတဲ့ မော်တော်ကား ၃ စီးနဲ့ လူ ၂ ဦးကို ဩဂုတ် ၁၃ ရက်က မူးယစ်တပ်ဖွဲ့နဲ့ တပ်မတော်စစ်ကြောင်းတို့ ပူးပေါင်းပြီး ဖမ်းဆီးရမိခဲ့ပါတယ်။
မူးယစ်နှိမ်နင်းရေးတပ်ဖွဲ့တွေက သတင်းအရ မလိပါကော်-ဝှေလှေလန် ကျေးရွာချင်းဆက်လမ်းပေါ် စောင့်ဆိုင်းနေစဉ် ဖတ်ဟိကျေးရွာဘက်ကနေ မူးယစ်ဆေးဝါးတင်ဆောင်မောင်းနှင်လာတဲ့ ကား ၃ စီးကို ဖမ်းဆီးမိခဲ့တာဖြစ်ပါတယ်။
ဖမ်းဆီးရမိတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး တာဝန်ရှိသူတစ်ဦးက “ ပထမဆုံး ဆိုင်ကယ်နဲ့ လမ်းပြတဲ့သူ တစ်ဦးကို တွေ့လို့ စစ်ဆေးတော့ နောက်ကလိုက်လာတဲ့ ကားကိုမိတာပါ။ ကားပေါ်မှာ အိုက်စ် ပုံဆောင်ခဲတွေတင်လာတာပါ။ သူ့နောက်က ကားတစ်စီးက ပြန်လှည်ပြေးသွားလို့ နောက်ကလိုက်ပြီး ဖမ်းဆီးတဲ့အချိန် နောက်ထပ်ကား နှစ်စီးနဲ့ မူးယစ်ဆေးတွေ ထပ်မိခဲ့တာပါ။"လို့ ပြောပါတယ်။
မူးယစ်ဆေးဝါးတွေရဲ့တန်ဖိုးက ငွေကျပ် ၁၅ ဘီလီယံကျော် တန်ဖိုးရှိပြီး ဖမ်းဆီးရတဲ့ မူးယစ်ဆေးဝါးတွေနဲ့ ဆက်နွှယ် ပတ်သက်နေသူတွေကို လိုက်လံစုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။
ဩဂုတ် ၁၃ ရက်တရက်တည်းမှာပဲ တာချီလိတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်တွေက တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်ရှိ ကားဝပ်ရှော့ရှေ့မှာ စစ်ဆေးရေးဆောင်ရွက်နေစဉ် Fortuner အမျိုးအစားမော်တော်ယာဉ်ကို စစ်ဆေးရာမှာ ယာဉ်မောင်းက ထွက်ပြေးသွားပြီး ယာဉ်ပေါ်ရှိ ဆာလာအိတ်တွေထဲကနေ အိုက်စ်မူးယစ်ဆေး ၃၇၅ ကီလို သိမ်းဆည်းရမိခဲ့ပါတယ်။
သတင်း- ကိုဇက်