Home
မြန်မာသတင်း
ဗန်းမော်ခရိုင်အတွင်း ကျေးရွာ ၅၀ ကျော်လျှပ်စစ်မီးရရှိနိုင်မည့် စင်းခန်းဓာတ်အားခွဲရုံ ဖွင့်လှစ်
DVB
·
August 15, 2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်းရှိ ကျေးရွာ ၅၀ ကျော်၊ အိမ်ထောင်စုပေါင်း ၈၀၀၀ ကျော်အတွက် လျှပ်စစ်မီးပေးနိုင်မယ့်  စင်းခန်းဓာတ်အားခွဲရုံသစ်ကို ဩဂုတ် ၁၄ ရက်က စတင် ဖွင့်လှစ်လိုက်ပါတယ်။ ကချင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်က “စင်းခန်းဓာတ်အားခွဲရုံ ဖွင့်ပွဲပြီးတာနဲ့ စင်းခန်းကျေးရွာအပါအဝင် ဗန်းမော်၊ ရွှေကူ၊ မံစီမြို့နယ်တွေရှိ  ကျေးရွာပေါင်း ၅၀ ကျော်အထိ မီးလင်းနိုင်မှာဖြစ်ပြီး ကျေးရွာပြည်သူလူထုရဲ့ လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက်  တဖက်တလမ်းက အထောက်အကူ ဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်” လို့ ပြောပါတယ်။ အဆိုပါဓာတ်အားခွဲရုံ‌ကို‌ ဒေသလိုအပ်ချက်အရ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှစတင်ပြီး ပြည်‌ထောင်စုဘဏ္ဍာ‌ငွေ ကျပ် ၇၅၀ သန်း၊  ပြည်နယ်ဘဏ္ဍာငွေကျပ် ၁၁၂၃ သန်းအထိ ဘဏ္ဍာရေးနှစ်အလိုက် သုံးစွဲတည်ဆောက်ခဲ့တာလို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ရွှေကူမြို့နယ် စီသော်ကျေးရွာနေ ဒေသခံ မစိန်နုအေးကတော့ မကြာမီ ကျေးရွာမှာ မီးတွေလင်းတော့မှာဖြစ်လို့ အတိုင်းထက်အလွန် ဝမ်းသာကြောင်းနဲ့ အခုလို‌ ဝေးလံခေါင်ပါးတဲ့ မိမိတို့‌ ကျေးရွာ‌တွေအထိ လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ပေးကြတဲ့ တာဝန်ရှိသူအားလုံးကို ကျေးဇူးတင်ကြောင်းပြောပါတယ်။ ဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားကို  သြဂုတ် ၁၄ ရက် မနက်က ဗန်းမော်မြို့နယ်၊ စင်းခန်းကျေးရွာအနီးရှိ အဆိုပါဓာတ်အားခွဲရုံဝင်းအတွင်း ပြုလုပ်ခဲ့ရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနဲ့ တာဝန်ရှိသူတွေက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါတယ်။ ကချင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်က အမှာစကားပြောကြားခဲ့ပြီး ပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေး လျှပ်စစ်နှင့်စက်မှုဝန်ကြီး ဦးဝင်းညွန့်က ဓာတ်အားခွဲရုံ တည်ဆောက်မှုနှင့်ပတ်သက်ပြီး ရှင်းလင်းပြောဆိုခဲ့ကြပြီးနောက် မီးခလုတ်နှိပ်ကာ ဓာတ်အားစတင်ပို့လွှတ်ခဲ့ပါတယ်။ သတင်း- ကျော်ဇေယျ CJ(ရွှေကူ)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024