Home
မြန်မာသတင်း
စည်းကမ်းမလိုက်နာဘဲ ဖွင့်လှစ်နေသည့် KTV များကို ရှောင်တခင် စစ်ဆေးအရေးယူမည်  
DVB
·
August 15, 2020
ဧရာဝတီတိုင်းအတွင်းမှာ ကိုဗစ်-၁၉ ကပ်ဘေးကာလ  ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေ မလိုက်နာဘဲ ဖွင့်နေတဲ့ KTV တွေကို ပြည်သူတွေတိုင်ကြားလာပါက  ရှောင်တခင် စစ်ဆေးအရေးယူသွားမယ်လို့ ဧရာဝတီတိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။ ရဲတပ်ဖွဲ့အနေနဲ့ ခရိုင်အလိုက် မြို့နယ်အလိုက် အဖွဲ့စုံ စစ်ဆေးဆောင်ရွက်နေပေမဲ့ ပြည်သူတွေအနေနဲ့လည်း ပူးပေါင်းဆောင်ရွက်ပေးစေချင်တာပါ။ ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူးရုံး ဒုတိယရဲမှူးကြီးထွန်းရွှေက “ကျနော်တို့ရဲတပ်ဖွဲ့တွေအနေနဲ့ အဖွဲ့စုံစစ်ဆေးနေပါတယ်။ ဒီကာလမှာက အားလုံးက စည်းကမ်းရှိဖို့ လိုအပ်ပါတယ်။ မပေါ့ဆစေချင်ဘူး။ KTV တွေအနေနဲ့လည်း စည်းကမ်းချက်ကို မလိုက်နာရင် အဖမ်းခံရမယ်၊ အရေးယူခံရမှာပါ။ ပြည်သူတွေကလည်း ဘယ်နေရာမှာ ဘယ် KTV က ဖွင့်နေတယ်သာ ပြောလိုက်ရင် ရှောင်တခင်စစ်ဆေးပြီး အရေးယူသွားပါမယ်” လို့ ပြောပါတယ်။ ပုသိမ်မြို့၊  အမှတ်- ၂ ရပ်ကွက်၊ မကျီးပင်တန်းလမ်းရှိ ဟိုက်ဆွိ KTV ကို ထုတ်​ပြန်ထားတဲ့ စည်းကမ်းချက်တွေ မလိုက်နာဘဲဖွင့်လှစ်နေကြောင်း ပုသိမ်နယ်မြေရဲစခန်းမှူးကို အကြောင်းကြားခဲ့လို့ ရှောင်တခင်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။  KTV အခန်းတွေကို ရဲနဲ့ ပူးပေါင်းအဖွဲ့က အတူစစ်ဆေးရာမှာ သီဆိုသူတွေ မတွေ့ရသလို အနှိပ်ခန်းတွေ ပြုလုပ်နေတာလည်းမတွေ့ရှိခဲ့ဘူးလို့  ဒုတိယရဲမှူးကြီးထွန်းရွှေက ပြောပါတယ်။ “ပြည်သူတွေအနေနဲ့ တိုင်ကြားရာမှာ မသေချာဘဲ တိုင်ကြားရင် ရဲတပ်ဖွဲ့အနေနဲ့လည်း အလုပ်ရှုပ်ပါတယ်။ ဒါကြောင့် တကယ်ဖွင့်တယ်၊ တွေ့တယ်ဆို သေချာမှ တိုင်ကြားပေးပါ။ မသေချာရင် ဘာမှ အရေးယူလို့မရပါဘူး။”  ပုသိမ်မြို့ခံ တစ်ဦးကတော့ “ကျနော်တို့တော့ KTV တွေဖွင့်နေတာ တွေ့နေတာပဲ အများကြီး၊ အမုန်းခံပြီး မတိုင်ချင်တာလည်း ပါတယ်။ ဖွင့်နေတာ လူတိုင်းလည်း သိနေကြတော့ တိုင်နေလည်း မထူးဘူးလေ။ ရဲတပ်ဖွဲ့အနေနဲ့ ပြည်သူနဲ့ ပူးပေါင်းဆောင်ရွက်တာတော့ ကောင်းပါတယ်။ သူတို့ကိုယ်တိုင် စုံစမ်းဖော်ထုတ်နိုင်ရင် အကောင်းဆုံးပေါ့”လို့ ပြောပါတယ်။ ပုသိမ်မြို့မှာ လက်ရှိမှာ KTV တွေကို ရှောင်တခင်စစ်ဆေးရာမှာ ပုသိမ်-မုံရွာ လမ်းဘေးမှာဖွင့်ထားတဲ့ 999 KTV တခုတည်းသာ စည်းကမ်းချက်နဲ့မညီလို့ ကူးစက်ရောဂါ ကာကွယ်နိမ်နှင်းရေးဥပဒေ ပုဒ်မ ၁၈ နဲ့ အရေးယူခံထားရတာ ရှိပါတယ်။ သတင်း- ရွှေရည်ဝင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024