Home
မြန်မာသတင်း
ဝင်းနှင့် ဇော်တို့ သေဒဏ်မှ လွတ်မြောက်ခဲ့သဖြင့် ဝမ်းသာကျေးဇူးတင်ကြောင်း မိခင်ပြော 
DVB
·
August 15, 2020
ထိုင်းနိုင်ငံမှာ သေဒဏ်ကျခံနေရတဲ့ ၀င်းနဲ့ဇော်တို့ လွတ်မြောက်ဖို့အတွက် အဘက်ဘက်မှ ကြိုးစားကူညီ လုပ်ဆောင်ပေးသူတွေအားလုံးကို အရမ်းကျေးဇူးတင်မိတယ်လို့ မြန်မာလူငယ် ၂ ဦးရဲ့ မိခင်တွေက ပြောပါတယ်။  ထိုင်းဘုရင်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်အရ လိပ်ကျွန်းလူသတ်မှုနဲ့ သေဒဏ်ကျခံနေရတဲ့ မြန်မာလူငယ် ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့ နှစ်ဦးကို တသက်တကျွန်းပြစ်ဒဏ်အဖြစ် လျှော့ပေးလိုက်တယ်လို့  သူတို့အမှုကို ကူညီဆောင်ရွက်ပေးနေသူတွေထံက သိရပါတယ်။ ဝင်းဇော်ထွန်းရဲ့မိခင်ဒေါ်မေသိန်းက “ဒီနေ့မနက်ကမှ ကျမတို့သားရဲ့ သတင်းကို ကြားရတဲ့အတွက် အရမ်းဝမ်းနည်း၊ ဝမ်းသာဖြစ်မိပါတယ်။ ကျမတို့သားတွေကို သေဒဏ်ကနေ တသက်တကျွန်းပြစ်ဒဏ်လျှော့ပေါ့ လိုက်တဲ့အတွက် အရမ်းလည်းပျော်ပါတယ်။ အပြစ်ကျူးလွန်တာမဟုတ်တဲ့အတွက် အမှန်တရားဖြစ်အောင် အဘက်ဘက်က ကူညီဆောင်ရွက်ပေးကြတဲ့ အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေကိုလည်း အရမ်းကိုကျေးဇူးတင် မိပါတယ်။ ကျမတို့သားတွေကို အမြန်ဆုံးလွတ်မြောက်လာစေချင်ပါတယ်။ ကျမသားတွေအတွက် ကူညီဆောင်ရွက်ပေးသူတွေကို အကုန်လုံးကိုလည်း ကျမအနေနဲ့  ပြောပြမတတ်အောင်ပဲ ကျေးဇူးတင်မိတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။ ဇော်လင်းရဲ့ မိခင် ဒေါ်ဖြူရွှေနုကလည်း “ ကျမတို့သားတွေကို သေဒဏ်ကနေပြီးတော့ တသက်တကျွန်းချလိုက်တယ်ဆိုတာကို ခုနကမှ မြို့ကနေပြန်လာတဲ့သူတစ်ယောက်ပြောလို့ သိရတဲ့အတွက်အရမ်းကို ဝမ်းသာမိတယ်။ ကျမတို့သားတွေကို အမြန်ဆုံးပြန်လွတ်စေချင်ပြီ။ အရမ်းလည်းတွေ့ချင်နေတယ်။ ကျမတို့သားတွေကို အခုလို လိုက်ပါကူညီဆောင်ရွက်ပေးနေသူတွေကိုလည်း အရမ်းကိုကျေးဇူးတင်မိပါတယ်။  အမြန်ဆုံးလွတ် မြောက်လာနိုင်ဖို့ မျှော်လင့်ပါတယ်” လို့  ပြောပါတယ်။ ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့ဟာ ထိုင်းနိုင်ငံလိပ်ကျွန်း( ခိုတောင်)ကျွန်းမှာ လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်က ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးတရားစွဲခံခဲ့ရတာပါ။ ဒီအမှုမှာ မြန်မာလူငယ်နှစ်ဦး ကျူးလွန်ခဲ့တဲ့ သက်သေအထောက်အထား ခိုင်လုံမှုမရှိဘူးလို့ဆိုပြီး လူများကဝေဖန်ထောက်ပြနေတဲ့ကြားက ကော့စမွီခရိုင်တရားရုံးက ၂၀၁၅  ဒီဇင်ဘာလမှာ  သူတို့ နှစ်ဦးကို သေဒဏ် အမိန့် ချမှတ်ခဲ့တာပါ။ သတင်း- နောင်နောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024