မလေးရှားနှင့် အင်ဒိုနီးရှားသို့ပို့မည့် ကျပ် ၈၀ ဘီလီယံခန့် တန်ဖိုးရှိ အိုက်စ်မူးယစ်ဆေးများ ဖမ်းမိ

ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ်မှာ ရေလမ်းကြောင်းကနေတဆင့် မလေးရှားနိုင်ငံနဲ့ အင်ဒိုနီးရှားနိုင်ငံတွေကို ပို့ဆောင်မယ့် ငွေကျပ် ၇၉  ဒသမ ၉၈ ဘီလီယံကျော် တန်ဖိုးရှိ အိုက်စ် မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းမှန် ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ပါတယ်။  ဇူလိုင် ၃၁ ရက်ည ၁၀ နာရီခွဲလောက်က လက်ခုပ်ကုန်းနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်တွေဟာ ဆယ်အိမ်တန်းကျေးရွာ၊ တံငါလှေဆိပ်အနီး မသင်္ကာဖွယ်ရပ်တန့်ထားတဲ့ NISSAN CARAVAN အမျိုးအစားမော်တော်ယာဉ်ကိုရှာဖွေရာ ရဲဝေလင်း (ခ)အငယ်လေး အားတွေ့ရှိရပြီး ယာဉ်နောက်ခန်းရှိ ဆာလာအိတ်တွေထဲကနေ အိုက်စ် ၉၉၉ ဒသမ ၈ ကီလိုနဲ့ Speed Boat တစ်စီးတို့ကို သိမ်းဆည်းရမိခဲ့တာပါ။  စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးတွေကို ရှမ်းပြည်နယ်၊ နမ့်စန်မြို့မှ လက်ခုပ်ကုန်းကျေးရွာသို့ သယ်ဆောင်ပြီး အဲဒီကတဆင့် ရေလမ်းကြောင်းနဲ့ မလေးရှားနိုင်ငံနဲ့ အင်ဒိုနီးရှားနိုင်ငံအကြား ပင်လယ်ပြင်သို့ သယ်ဆောင်ဖို့ဖြစ်တယ်လို့ သိရပါတယ်။  မူးယစ်ဆေးသယ်ရာမှာ  ပူးပေါင်းပါဝင်တဲ့ လင်းလင်းထိုက်(ခ)လင်းငယ်ကို  ဩဂုတ် ၁ ရက်က ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ ရှုခင်းသာလမ်းရှိ ဟိုတယ်မှာ လည်းကောင်း၊ စိုင်းထွန်းလှိုင်ကို ဩဂုတ်လ ၃ ရက်က ကရင်ပြည်နယ်၊ လိပ်သိုမြို့၊ ရာဒို စစ်ဆေးရေးဂိတ်မှာလည်းကောင်း၊  ကျော်ဦး(ခ)တရုတ်ကို  ဩဂုတ် ၄ ရက်က တောင်ကြီးမြို့၊ မီးပုံးပျံကွင်းအနီးမှာ လည်းကောင်း၊ မမိုးသူဇာ(ခ)မိုးမိုးသူ(ခ)မိုးမိုးနဲ့ မမိုးသုကဗျာ တို့အား ဩဂုတ်လ ၄ ရက်နေ့က ဟိုပုံးမြိုမှာ လည်းကောင်း၊ သိန်းရာဇာ(ခ)သိန်းကြီးနဲ့ ချစ်ပိုပို(ခ)ချစ်ပိုတို့ကို  ဩဂုတ် ၉ ရက်နေ့က မင်္ဂလာဒုံမြို့နယ်၊ ဂုံညှင်းနီကျူးကျော် ရပ်ကွက်မှာ လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။  ဖမ်းဆီးရမိထားသူ ၈ ဦးကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူ ထားရှိပြီး  သူတို့ပိုင်ဆိုင်တဲ့ Speed Boat တစ်စီး၊ မော်တော်ယာဉ် ၉ စီး၊ နေအိမ် ၃ လုံးကို ယာယီချိတ်ပိတ်သိမ်းဆည်းထားပါတယ်။  ကွင်းဆက်တရားခံတွေ ဆက်လက်စစ်ဆေးဖော်ထုတ်နေပြီး ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေအရ အရေးယူနိုင်ရေးစိစစ်ဆောင်ရွက်နေတယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။ ဓာတ်ပုံ- MOHA

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up