သရုပ်ဆောင်မင်းရာဇာအမှု တရားလိုဖြစ်သူကို အပြန်အလှန်မေးခွန်းမေးမြန်းစစ်ဆေး
DVB
·
August 14, 2020
ပုဒ်မ ၃၇၆ နဲ့ တရားစွဲခံထားရတဲ့ သရုပ်ဆောင်မင်းရာဇာအမှုမှ တရားလိုဖြစ်သူကို ဩဂုတ် ၁၄ ရက်က ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင်တရားရုံးမှာ အပြန်အလှန်မေးခွန်း မေးမြန်း စစ်ဆေးခဲ့ ပါတယ်။
အရှေ့ပိုင်းခရိုင်တရားရုံးမှာ ဒီကနေ့ ရုံးထုတ်ရာမှာ တရားလိုပြုလုပ်တိုင်တန်းထားတဲ့ အိမ် အကူမိန်းကလေးရဲ့မိခင်ဖြစ်သူကို စွပ်စွဲခံရသူဘက်က ပြန်လှန်မေးခွန်း စစ်ဆေးမေးမြန်းခဲ့တာပါ။
အဓမ္မပြုကျင့်ခံခဲ့ရတဲ့ အိမ်အကူ မိန်းကလေးရဲ့ အသက်အရွယ်နဲ့ပတ်သက်ပြီးလည်း စစ်ဆေး မေးမြန်းခဲ့ပါတယ်။
ဒီနေ့ရုံးချိန်းမှာ ပြန်လှန်မေးခွန်းမေးပြီး ပြီးပြတ်အောင်မစစ်ဆေးနိုင်ခဲ့တာနဲ့ ပတ်သက်ပြီး အမှုကို ပိုမို ကြန့်ကြာအောင် ဆောင်ရွက်သလိုဖြစ်နေတယ်လို့ တရားလိုဘက်က လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေက ဝေဖန်ပြောဆိုပါတယ်။
လာမယ့်အပတ်ရုံးချိန်းမှာလည်း တရားလိုကိုပဲ ဆက်လက်စစ်ဆေးမှာဖြစ်ကာ တရားလို ဒေါ်သင်းသင်းခိုင်ဟာ နယ်ကနေလာရတာဖြစ်တဲ့အတွက် စရိတ်စက ကုန်ကျမှုတွေ များပြား နေတယ်လို့ ဆိုပါတယ်။
အရှေ့ပိုင်းခရိုင်တရားရုံးမှာစစ်ဆေးနေတဲ့ ပုဒ်မ ၃၇၆ အမှုမှာ တရားလိုပြသက်သေ ၁၆ ယောက်ရှိပြီး လက်ရှိ တရားလို ဒေါ်သင်းသင်းခိုင်ကို စစ်ဆေးနေတဲ့အဆင့်ဖြစ်ပါတယ်။
သရုပ်ဆောင်မင်းရာဇာအပါအဝင် ၄ ဦးဟာ မြောက်ဥက္ကလာပမြို့နယ် တရားရုံးမှာလည်း ရာဇသတ်ကြီးပုဒ်မ ၄ ခုနဲ့ အမှုရင်ဆိုင်နေရပါတယ်။
သရုပ်ဆောင်မင်းရာဇာမိသားစုဟာ အိမ်အကူမိန်းကလေးကို အက်ဆစ်နဲ့ ပက်တာ၊ တူနဲ့ထုတာ၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့တာတွေရှိတယ်ဆိုပြီး ရွှေပေါက္ကံမြို့နယ်ရဲစခန်းမှာ အိမ်အကူ မိန်းကလေးရဲ့ မိခင်ဖြစ်သူက အမှုဖွင့်ခဲ့တာပါ။