Home
မြန်မာသတင်း
ကရင်နီတောင်သူများကို ပြစ်ဒဏ်ထပ်တိုးရန် တပ်မတော်ကလျှောက်ထားသည့်အမှု ပလပ်ခံရ
DVB
·
August 14, 2020
မြေယာအငြင်းပွားမှုနဲ့ပတ်သက်ပြီး ပြစ်ဒဏ်ချမှတ်ခံထားရပြီးဖြစ်တဲ့ ကရင်နီတောင်သူ ၂၁ ဦးအပေါ် နောက်ထပ် ပြစ်ဒဏ်ထပ်တိုးချမှတ်ပေးဖို့  တပ်မတော်က လျှောက်ထားတဲ့အမှုနဲ့ ပတ်သက်လို့ ကယားပြည်နယ်တရားရုံးက ပလပ်လိုက်ပါတယ်။ လွိုင်ကော်အခြေစိုက် အမြောက်တပ် ၃၅၆ တပ်ရင်းနဲ့ ခလရ ၂၅၀ တပ်ရင်းတို့က ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂအဖွဲ့ဝင်တွေဖြစ်တဲ့ ခွန်းဘွယ်မူး၊ ခွန်းကောရီယို၊ ခွန်းမောင်လွင်နဲ့ တရားစွဲခံရတဲ့ တောင်သူ ၁၈ ဦးတို့ကို ပြစ်ဒဏ်ထပ်တိုးပေးဖို့ ပြည်နယ်တရားရုံးကို လျှောက်ထားခဲ့တာဖြစ်ပါတယ်။ ကရင်နီတောင်သူ ၁၈ ဦးတို့ကို  ပုဒ်မ ၄၄ရ၊ ပုဒ်မ ၂၉၄၊ ၃၅၃၊ ၄၂၇၊ နဲ့ ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၆(၁) တို့နဲ့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က အမှုတွဲသီးခြားစီ  တရားစွဲဆိုခံခဲ့ရပြီး ၂၀၂၀ ပြည့်နှစ် မတ်လ ၁၃ ရက်နေ့က သူတို့ကို လွိုင်ကော်မြို့နယ် တရားရုံးက ပုဒ်မအလိုက် ဒဏ်ငွေကျပ် ၂၀၀၀၀ စီနဲ့  ချုပ်ရက်ထုတ်နုတ် ခံစားခွင့်ပြုတဲ့ ထောင်ဒဏ်  ၆ လ ချမှတ်ခဲ့ပါတယ်။ ဒီလိုချမှတ်ခဲ့မှုအပေါ် ပြစ်ဒဏ်နည်းတယ်ဆိုပြီး   မူလ တရားစွဲဆိုတဲ့ တပ်မတော်အရာရှိ တွေက လွိုင်ကော်ခရိုင်တရားရုံးကို ဦးတိုက်လျှောက်ထားခဲ့ပါတယ်။ ခရိုင်တရားရုံးက ပလပ်ခဲ့တာကြောင့် ပြည်နယ်တရားလွှတ်တော်မှာ ထပ်မံလျှောက်ထား ခဲ့တာဖြစ်ပြီး  ဒီကနေ့မှာ ပြည်နယ်တရားလွှတ်တော် တရားသူကြီး ဒေါ်သန်းသန်းအေးက အဆိုပါ အမှုကို ပလပ်လိုက်တာဖြစ်တယ်လို့ တောင်သူတွေရဲ့ရှေ့နေ ခူးတလေပိုးရယ်က ပြောပါတယ်။ “ဒီကနေ့မှာတော့ ပြည်နယ်တရားလွှတ်တော်က တရားသူကြီးကတော့ ဒီအမှုတွေအားလုံးကို မူလရုံးက ချမှတ်တဲ့အမိန့်က လျှော်ကန်သင့်မြတ်တယ်။ ပြီးတော့မှ ပြင်ဆင်မှုကြားနာတဲ့ ရုံးတရုံးအနေနဲ့ ဒီအကြောင်းအရာ ပုဒ်မတွေနဲ့ပတ်သက်ပြီးလုံးဝ တရားမျှတမှုကင်းမဲ့ပြီး ကွာခြားနေတာမျိုးတွေ မဟုတ်သေးဘူး။ စွဲဖို့မသင့်ဘူးဆိုပြီးမှ တရားသူကြီးက ဒီသုံးသပ်ချက်နဲ့ ဒီအမှုအားလုံးကို ပလပ်လိုက်တာပေါ့နော်။” တရားစွဲဆိုခံရတဲ့တောင်သူ ဦးဦးရယ်က “ကျနော်တို့ လုပ်ကိုင်စားသောက်ဖို့ မြေယာလည်းမရှိတော့ဘူး။ ပြီးတော့ ကျနော်တို့ခံရတဲ့ ဒုက္ခတွေကလည်း မတရားဖိနှိပ်ခံရတာပေါ့။ ကျနော်တို့ တောင်သူတွေဆိုတော့လည်း စိုးရိမ်ပူပန်နေကြတာပေါ့နော်။ တောင်ယာလယ်ယာပဲ လုပ်စားတတ်တာကိုး၊ ဒီလိုမျိုးအမှုအခင်းတွေဖြစ်လာရင် အရမ်း စိတ်ပင်ပန်းကြတယ်။ အလုပ်သွားလုပ်ရမှာ၊ အငှားလိုက်ရမှာလည်းစိတ်မဖြောင့်တော့ဘူး အဲလိုပေါ့။ အခုလို အမှုကို ပလပ်ပေးလိုက်တော့ ကျေးဇူးတင်ပါတယ်။” တရားစွဲဆိုခံရတဲ့ တောင်သူလယ်သမားသမဂ္ဂအဖွဲ့ဝင် ခွန်းဘွယ်မူးက ဒီလိုတောင်သူတွေကို တရားစွဲဆိုတာဟာ တောင်သူတွေကို ဖိနှိပ်တဲ့အမှုဖြစ်တယ်လို့ ပြောပါတယ်။ “ပထမဆုံးက ကျနော်တို့ မြေဆုံးရှုံးခံရတယ်။ အမှုဆိုရင်လည်း တောင်သူတဦးထဲက အမှု ၆ ခုစလုံးပါ နေတယ်။ ဆိုတော့ဒါက ဖိနှိပ်မှုသက်သက်ကို ဖြစ်နေတယ်။ ကျနော်တို့လို အားနည်းတဲ့သူ တွေကို ဥပဒေတွေအမျိုးမျိုးဖိနှိပ်တယ်၊ ချုပ်ချယ်တယ် ကန့်သတ်တယ်။ ပထမဆုံးစစွဲတဲ့ အမှု  ၆(၁)နဲ့ဆိုရင် ရဲတွေလာပြီးတော့ ညဘက်မှာ လာဖမ်းသွားတယ်။ အဲဒီမှာ တောင်သူတွေရဲ့ အကြောက်တရားက အရမ်းရှေ့တန်းရောက်သွားတယ်။ ” တရားစွဲဆိုခံရတဲ့ တောင်သူအများစုဟာ လယ်ယာမြေတွေ ပြန်လည် လုပ်ခွင့်မရတော့ဘဲ  မိသားစု စားဝတ်နေရေး အခက်အခဲတွေ ကြုံတွေ့နေရပါတယ်။ကယားပြည်နယ်၊ လွိုင်ကော်နဲ့ ဒီးမော့ဆိုမြို့နယ်မှာ ၂၀၁၉ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ မြေယာအငြင်းပွားမှုနဲ့ ပတ်သက်ပြီး တပ်မတော်က တရားစွဲဆိုထားတဲ့ ဒေသခံတောင်သူပေါင်း ၄၁ ဦး ရှိပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024