လက်ဘနွန်ဆိပ်ကမ်းပေါက်ကွဲမှုစုံစမ်းရေးတွင် FBI ပါလာ

လက်ဘနွန်နိုင်ငံမှာ လူပေါင်း ၁၇၂ ယောက်ထက်မနည်း သေဆုံးခဲ့တဲ့ ဘေရွတ်ဆိပ်ကမ်း ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး နိုင်ငံတကာစုံစမ်းစစ်ဆေးသူတွေနဲ့အတူ အမေရိကန်ပြည်ထောင်စု ထောက်လှမ်းရေးဗျူရို FBI က ပူးပေါင်းစစ်ဆေးမယ်လို့ အမေရိကန်အကြီးတန်း သံတမန် တယောက်က ပြောပါတယ်။ လက်ဘနွန်အာဏာပိုင်တွေရဲ့ ဖိတ်ခေါ်မှုကြောင့် ပူးပေါင်းပါဝင်တာဖြစ်တယ်လို့  အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးကိစ္စရပ်များဆိုင်ရာ လက်ထောက်ဝန်ကြီး ဒေးဗစ်ဟေးလ်က ပြောလိုက်တာပါ။  လက်ဘနွန်ဟာ ပေါက်ကွဲမှုအပြီး အကြီးစားအပျက်အစီးတွေ ဖြစ်ခဲ့ပြီးတဲ့နောက် အခြေခံ ကျတဲ့ ပြုပြင်ပြောင်းလဲမှုတွေ အမြန်လုပ်ဖို့ လိုနေပြီလို့လည်းသူက ပြောပါတယ်။ ပေါက်ကွဲအားပြင်းတဲ့ ပစ္စည်းတွေ သိုလှောင်ထားတဲ့ ကုန်လှောင်ရုံတရုံ သြဂုတ် ၄ ရက်က ပေါက်ကွဲခဲ့လို့ လူ ၆၀၀၀ လောက်  ဒဏ်ရာရပြီး လူ ၃ သိန်းလောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကာ မြေထဲပင်လယ် ဆိပ်ကမ်းမြို့ဖြစ်တဲ့ ဘေရွတ်မှာ အပျက်အစီးတွေ စုပုံနေပြီးပါတယ်။  နဂိုကတည်းက စီးပွားရေးကျဆင်းမှုပြဿနာနဲ့ ကြုံတွေ့နေရတဲ့ လက်ဘနွန်နိုင်ငံမှာ ပေါက်ကွဲမှုကြီးဖြစ်ပြီးနောက် စီးပွားရေးနဲ့ဘဏ္ဍာရေး အကြပ်အတည်းကလည်း ပိုဆိုးလာပါတယ်။ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို ပေးနေပေမယ့် လာဘ်စားမှု၊ ဖြုန်းတီးမှု၊ တလွဲစီမံခန့်ခွဲမှုတွေနဲ့ လျစ်လျူရှုမှုတွေကို ကိုင်တွယ်ဖို့ ပြုပြင်ပြောင်းလဲမှုတွေကို မလုပ်ရင် လက်ဘနွန်ရဲ့ စီးပွားရေးပြိုလဲမှုကိုဆွဲထူကူညီဖို့ ရံပုံငွေပေးမှာ မဟုတ်ဘူးလို့ နိုင်ငံခြားတိုင်းပြည်တွေက  ရှင်းရှင်းလင်းလင်း ပြောထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up