မကွေးတိုင်းတွင် ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေး ဥပဒေဖြင့် အမှုပေါင်း ၁၉ မှု အရေးယူ
DVB
·
August 14, 2020
မကွေးတိုင်းဒေသကြီးအတွင်းရှိ ၅ ခရိုင်မှာ ကိုဗစ်-၁၉ ကပ်ဘေးကာလအတွင်း ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးဥပဒေနဲ့ အမှုပေါင်း ၁၉ မှု အရေးယူထားတယ်လို့ မကွေးတိုင်း ရဲတပ်ဖွဲ့ကနေ သိရပါတယ်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေကို ချိုးဖောက်တာကြောင့် ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေးဥပဒေနဲ့ မကွေးခရိုင်မှာ ၄ မှု၊ မင်းဘူးခရိုင်မှာ ၁ မှု၊ ပခုက္ကူခရိုင်မှာ ၉ မှု၊ သရက်ခရိုင်မှာ ၂ မှုနဲ့ ဂန့်ဂေါ ခရိုင်အတွင်းမှာ ၃ မှု စုစုပေါင်း ၁၉ မှုအရေးယူထားတယ်လို့ မကွေးတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလှိုင်တင့်က ပြောပါတယ်။
စည်းကမ်းဖောက်ဖျက်တဲ့သူတွေကို သက်ဆိုင်ရာတရားရုံးတွေကနေ ဒဏ်ငွေ ကျပ် ၅၀၀၀၀ ကျပ်နဲ့ ထောင်ဒဏ်တစ်လချမှတ်တာက ၁ မှု၊ ထောင်ဒဏ် ၃ လက ၁၄ မှု၊ ဒဏ်ငွေ ကျပ် ၅၀၀၀ ချမှတ်တာ ၃ မှုရှိပြီး ၁ မှုကတော့ စစ်ဆေးဆဲဖြစ်ပါတယ်။
မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့အနေနဲ့ သက်ဆိုင်ရာ ရဲစခန်းတွေအလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနဲ့ယာဉ် အန္တရယ်ကင်းရှင်းရေး အသိပညာပေးတာတွေလုပ်ဆောင်နေပြီး နှာခေါင်းစည်း Mask တပ် မတပ် စစ်ဆေးတာတွေ ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။
သတင်း-မင်းထီး