A d v e r t i s e m e n t With Us

ထိုင်းနိုင်ငံတွင် တက္ကသိုလ်ကျောင်းသားများဦးဆောင်သည့် ဆန္ဒပြပွဲ အရှိန်မြင့်တက်လာ   

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လူစုလူဝေးပြုလုပ်တာကို တားမြစ် ဟန့်တားထားတဲ့ကြားက  အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဆက်တိုက်ဖြစ်ပေါ်နေပါတယ်။  ဆန္ဒပြသူအများစုမှာ ထိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင်နဲ့ ခရိုင်အသီးသီးက တက္ကသိုလ်ကျောင်းသူကျောင်းသားတွေ၊ စက်မှုသိပ္ပံကျောင်းသူကျောင်းသား တွေအပြင် အထက်တန်းကျောင်းသားလေးတွေပါ ပါဝင်လာကြပါတယ်။  ဇူလိုင်လကတည်းက စတင်ခဲ့တဲ့ အဆိုပါဆန္ဒပြပွဲတွေမှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၀ ရက်နေ့ကတော့  ဘန်ကောက်ရန်းဆစ်နယ်မြေ ထမဆတ် တက္ကသိုလ်ဝင်းထဲမှာ ပြုလုပ်သွားတဲ့ ဆန္ဒပြပွဲကတော့ လူတွေထောင်နဲ့ချီ ပါဝင်ခဲ့ကြပါတယ်။  ဆန္ဒပြပွဲမှာ မလိုလားအပ်တဲ့ တတိယအုပ်စု နှောင့်ယှက်မှုက ကာကွယ်ရေး ၊ ကိုဗစ်-၁၉ ကူး စက်မှုကာကွယ်ရေး၊ ဆန္ဒပြသူတွေရဲ့ လုံခြုံရေးအတွက် စနစ်တကျဆောင်ရွက်ထားတဲ့အပြင် စင်မြင့်ပေါ်က ဆလိုက်မီးထိုးပြီး  အချက်အလက်တွေကို ပါဝါပွိုင့်တွေနဲ့ ထောက်ပြဟောပြောခဲ့တာ တခန်းရပ်ပြဇာတ်တွေပါ တင်ဆက်တာကြောင့် အဆင့်မြင့်ဆန္ဒပြပွဲတစ်ခုလို့ ပြောဆိုနေကြပါတယ်။  တစ်ဘက်မှာလည်း ဆန္ဒပြခေါင်းဆောင်တွေ ၊ စင်ပေါ်တက်ပြီး ဟောပြောသူတွေကို ထိုင်းရဲ တပ်ဖွဲ့နဲ့ အာဏာပိုင်တွေက လိုက်လံစုံစမ်းတာ၊ နောက်ယောင်ခံတာနဲ့ အိမ်ကိုသွားရောက်ပြီး မိဘအုပ်ထိန်းသူတွေကို သတိပေးခြိမ်းခြောက်တာ၊ ဆန္ဒပြတဲ့ သားသမီးတွေကို ရဲစခန်းမှာ လာရောက်ဖြေရှင်းဖို့ခေါ်ထားတာ၊ တချို့ကို ဖမ်းဆီးအရေးယူတာတွေ လုပ်ဆောင်နေပါတယ်။ ဖမ်းဆီးအရေးယူမယ့် ခေါင်းဆောင်အမည်နဲ့  အရေအတွက်ကို အာဏာပိုင်တွေက တရားဝင်ထုတ်ပြန်တာတော့မရှိသေးပေမဲ့  တက္ကသိုလ်ကျောင်းသားသမဂ္ဂနဲ့ ဆန္ဒပြအဖွဲ့တွေ စုံစမ်းချက်အရ ရဲစခန်းကိုလာရောက်ဖြေရှင်းဖို့ အခေါ်ခံထားရသူပေါင်း ၃၁ ဦးရှိပြီး အဲဒီထဲမှာ တစ်ဝက်ကျော်က တက္ကသိုလ်ကျောင်းသားတွေဖြစ်ပြီး  ထမဆတ် တက္ကသိုလ်နဲ့ ကျူလာလောင်ကွန်က ကျောင်းသားတွေလည်း ပါဝင်ပါတယ်။  ချင်းမိုင်ထာ့ဖဲဂိတ်ဆန္ဒပြပွဲက ဦးဆောင်သူ ၁ ဦးဖြစ်တဲ့ လူ့အခွင့်အရေးဆိုင်ရာရှေ့နေ နိုင်းအား နွန်းနမ်းဖား နဲ့ ထိုင်းအရှေ့မြောက်ပိုင်းက ဆန္ဒပြခေါင်းဆောင် မိုင်မာနုဖုန်းတို့ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းက ဖမ်းဆီးခံခဲ့ရပြီး လောလောဆယ် အာမခံနဲ့ ပြန်လွှတ်လာပါတယ်။ ထိုင်းရဲတပ်ဖွဲ့က သူတို့ ၂ ဦးကို မငြိမ်မသက်ဖြစ်အောင်စည်းရုံးလှုံ့ဆော်မှု ၊ ဆူပူမှု ၊ ကိုဗစ်- ၁၉ ကာလထုတ်ပြန်ထားတဲ့ အရေးပေါ်ဥပဒေချိုးဖောက်မှု၊ အသရေဖျက်မှု အစရှိတဲ့ ပြစ်မှု ၇ ချက်နဲ့ တရား စွဲထားတာပါ။ ဆန္ဒပြသူတွေအပေါ် ခြိမ်းခြောက်ဖမ်းဆီးအရေးယူနေတာနဲ့ပတ်သက်လို့ ထမဆတ် တက္ကသိုလ်၊ ကျူလာလောင်ကွန်တက္ကသိုလ်နဲ့ ခဲလ်အဖွဲ့အစည်းတို့ကလည်း ဆန္ဒပြသူတွေဟာ ဥပဒေပါ နိုင်ငံသားအခွင့်အရေးအရ မိမိဆန္ဒအတိုင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုပိုင်ခွင့်ရှိလို့ ဥပဒေချိုးဖောက်သူတွေမဟုတ်ကြောင်းပြောပါတယ်။ ဖမ်းဆီးအရေးယူရာမှာလည်း လူကိုမူတည်တာထက် သူတို့ပြောဆိုပြုမူချက်တွေထဲက ဥပဒေနဲ့ ငြိစွန်းချက်တွေအပေါ် မူတည်အရေးယူသင့်ကြောင်း၊ ဆန္ဒပြသူတွေကို ဖမ်းဆီးအရေးယူခြင်းအားဖြင့် ဆန္ဒပြမှုက ပြီးဆုံးသွားမှာမဟုတ်ဘဲ ပြဿနာကို ပိုမိုကြီးထွားစေတာကြောင့် ဆန္ဒပြသူတွေရဲ့ တောင်းဆိုချက်တွေ အသံတွေကို နားထောင်ပေးပြီး ညှိနှိုင်းလိုက်လျောတဲ့နည်းတွေနဲ့ ဖြေရှင်းသင့်ကြောင်းအသီးသီး ထုတ်ပြန်ခဲ့ကြပါတယ်။  ဒီကိစ္စနဲ့ပတ်သက်ပြီး  ဝန်ကြီးချုပ် ပရယုဒ်ကျန်အိုးချားကို  သတင်းထောက်တွေက မေးမြန်းရာမှာ ဝန်ကြီးချုပ်က “စိတ်မကောင်းပါဘူး” လို့ တိုတိုတုတ်တုတ်ဖြေကြားခဲ့ပါတယ် ။  ထိုင်းနိုင်ငံရဲ့ အခုတကြိမ်ဆန္ဒပြမှုဟာ လူငယ်တွေကြားရေပန်းစားတဲ့ Future Forward အတိုက်အခံပါတီအဖျက်သိမ်းခံရပြီး ပါတီခေါင်းဆောင် နိုင်းထနားထွဏ်း နိုင်ငံရေးလုပ်ရှားခွင့် ၁၀ နှစ် ရပ်ဆိုင်းခြင်းခံခဲ့ရတာကစတင်ခဲ့တာပါ။ ဒါ့အပြင် ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်လာတော့ လူတွေသန်းနဲ့ချီ အလုပ်လက်မဲ့ဖြစ်ရတာ၊ အလုပ်လက်မဲ့ ထောက်ပံ့ကူညီရေး စီမံခန့်ခွဲမှုညံ့ဖျင်းတာ၊ အာဏာရအစိုးရက မဲဆွယ် ကတိတွေ အတိုင်းမဆောင်ရွက်နိုင်တာ စတဲ့မကျေနပ်မှုတွေ စုပြုံပြီး ဖြစ်လာခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။  ဆန္ဒပြသူတွေဟာ စစ်ကောင်စီအစိုးရရေးဆွဲထားတဲ့ အခြေခံဥပဒေပြန်ပြင်ဖို့၊ လွှတ်တော် ဖျက်သိမ်းဖို့နဲ့ အမြင်ချင်းမတူတဲ့အပေါ် နှိပ်ကွပ်မှုတွေရပ်ဖို့  စတဲ့အချက် ၃ ချက်ကို အဓိကထား တောင်းဆိုနေပါတယ်။  ခုလာမယ့် ဩဂုတ် ၁၆ ရက်နေ့မှာလည်း ဘန်ကောက်မြို့တော်ရှိ ဒီမိုကရေစီ အထိမ်းအမှတ်  ကျောက်တိုင်ရှေ့မှာ နောက်ထပ်ဆန္ဒပြပွဲကြီးတစ်ခုကျင်းပဖို့ စည်းရုံးလှုံ့ဆော်နေကြပါတယ်။  ကိုးကား - မန်နေဂျာအွန်လိုင်း / ထိုင်းရတ် / ထိုင်းပီဘီအက်စ် 

A d v e r t i s e m e n t With Us

More News
Up