A d v e r t i s e m e n t With Us

ထိုင်းရောက်မြန်မာနိုင်ငံသားများ ကြိုတင်မဲပေးရန် လျှောက်လွှာတင်ရက် ထပ်တိုးပေး 

လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်ပရောက်မြန်မာနိုင်ငံသားတွေအနေနဲ့လည်း သက်ဆိုင်ရာ မြန်မာသံရုံ ၊ ကောင်စစ်ဝန်ရုံးတွေနေတဆင့် ကြိုတင်မဲပေးနိုင်ပြီး မဲပေး ခွင့်လျှောက်လွှာ တင်ရမယ့်ရက်ကိုလည်း ထပ်တိုးပေးထားပါတယ်။ မဲပေးခွင့်လျှောက်လွှာ ပုံစံ ၁၅ တွေကို  ဩဂုတ်လ ၅ ရက်နေ့ နောက်ဆုံးထားပြီးပေးပို့ကြဖို့ မူလက ကြေညာခဲ့ပေမယ့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ ရက် ထပ်တိုးပြင်ဆင်ခွင့်ပြုလိုက်တာကြောင့် အဆိုမပြုရသေးတဲ့ မဲဆန္ဒရှင်တွေအနေနဲ့ ဘန်ကောက် မှာရှိတဲ့ မြန်မာသံရုံးကို  ဩဂုတ်လ ၁၄ ရက်နေ့ နောက်ဆုံးထား၍သော်လည်းကောင်း ၊ ချင်းမိုင်ကောင်စစ်ဝန်ရုံးကို ဩဂုတ်လ ၁၆ ရက်နေ့ နောက်ဆုံးထား၍လည်းကောင်း ပေးပို့နိုင်မှာ ဖြစ်ပါတယ်။  ချင်းမိုင်ကောင်စစ်ဝန်ရုံးမှာဆိုရင် ဩဂုတ် ၁၅ နဲ့ ၁၆ ဟာ စနေ၊ တနင်္ဂနွေရုံး ပိတ်ရက်ကျ ရောက်ပေမယ့်လည်း ဝန်ထမ်းတွေအနားမယူဘဲ မနက် ၉ နာရီမှ ညနေ ၃ နာရီထိ လက်ခံပေးမှာဖြစ်ကြောင်း၊ နေရပ်က မဲပေးခွင့်ရှိသူစာရင်းမှာ မိမိအမည်မပါခဲ့ဘူးဆိုရင် ပုံစံ ၃ နဲ့ ထပ်တင်နိုင်ပြီး ကောင်စစ်ဝန်ရုံးမှာ ဩဂုတ် ၁၇ ရက်နေ့ ညနေ ၄ နာရီခွဲ နောက်ဆုံးထားလာတင်ဖို့ တိုက်တွန်းကြောင်း ချင်းမိုင်မြန်မာကောင်စစ်ဝန် ဦးဇော်မျိုးထက်က ဒီဗွီဘီကို ပြောပါတယ်။  “ အဓိကကတော့ ပုံစံ ၁၅ လာတင်ကြဖို့ မှာကြားချင်ပါတယ်။ ဒါဟာ နိုင်ငံသား တိုင်းရဲ့ အခွင့်အရေးဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်၊  ပုံစံ ၁၅ တင်ပြီးမှပဲ မဲပေးလို့ရပါမယ်။ ပြီးတော့ ကိုယ့်ရပ်ကိုယ့်ဒေသက မဲစာရင်းတွေစစ်ကြပါ။ ကိုယ်နေတဲ့ ရပ်ကွက် ကျေးရွာမှာ ရွေးကောက်ပွဲ ကော်မရှင်က ကပ်ထားတဲ့ စာရင်းထဲကိုယ့်နာမည်မပါဘူးဆိုရင် ကျနော်တို့ဆီမှာပဲ ပုံစံ ၃ နဲ့ ပြန်ပြီးလျှောက်လို့ရပါတယ်။”  ချင်းမိုင်ကောင်စစ်ဝန်ရုံးမှာ ထိုင်းမြောက်ပိုင်းရှိ ချင်းမိုင်၊ ချင်းရိုင်း၊ ဖယောင်း၊ မယ်ဟောင်ဆောင်၊ နန့်၊ ဖရဲ့၊ ဥဒရာဒစ်၊ လမ်းဖွန် ၊ လမ်းပန်းခရိုင်ရောက်မြန်မာနိုင်ငံသားတွေ ပုံစံ ၁၅ လာတင်နိုင်ပြီး လာရန်ခရီးဝေးပါက မြန်မာကောင်စစ်ဝန်ရုံး အီးမေးလ် [email protected] ကိုလည်း ပေးပို့နိုင်ပါတယ်။  လက်ရှိ ချင်းမိုင်ကောင်စစ်ဝန်ရုံးမှာ ပုံစံ ၁၅ လာရောက်တင်ထားသူ / စာရင်းဝင်ပြီးသူ ၉၈၈ ဦးရှိကြောင်း ၊ အများဆုံးမှာ ရှမ်းပြည်နယ်ကဖြစ်ပြီး အချက်အလက် မပြည့်စုံတဲ့ မှားယွင်းနေတဲ့ ပုံစံ ၁၅ တွေကိုတော့ အချိန်မီပြင်ဆင်လျှောက်ထားဖို့ ကာယကံရှင်တွေဆီ ဆက်သွယ်အကြောင်းကြား ထားတယ်လို့ ဆိုပါတယ်။ မဲပေးခွင့်ရှိသူစာရင်းနဲ့ ထည့်ရမယ့် မဲကတ်ပြားတွေကတော့ စက်တင်ဘာလထဲ ပြန်ရောက်လာမယ်လို့ မျှော်လင့်ကြောင်း၊ မဲဆန္ဒရှင်တွေ စနစ်တကျမဲပေးနိုင်ဖို့နဲ့ ကိုဗစ်-၁၉ ကင်းစင်ရေးအတွက် ချင်းမိုင်ခရိုင်ကျန်းမာရေးဌာနထုတ်ပြန်ချက်နဲ့အညီ စီစဉ်ဆောင်ရွက်မှာ ဖြစ်ပြီး မဲလာပေးမယ့် သူတွေကများတဲ့အတွက် အသုတ်လိုက်ခွဲပေးဖို့ စီစဉ်ထားတယ်လို့  ဦးဇော်မျိုးထက်က ပြောပါတယ်။  ဓာတ်ပုံ- UEC

A d v e r t i s e m e n t With Us

More News
Up