မကွေးတိုင်း၌ ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်သူ ၅၇၀ ကျော်ရှိ၊ ၄ ဦးသေဆုံး
DVB
·
August 12, 2020
မကွေးတိုင်းဒေသကြီးအတွင်းမှာ အခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ ဇူလိုင် ၃၁ ရက်အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူပေါင်း ၅၇၁ ဦးရှိပြီး ကလေးငယ် ၄ ဦး သေဆုံးခဲ့တယ်လို့ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။
ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှာ ဒေါက်တာကြည်သာဆွေက"တိုင်းဒေသကြီးအတွင်းမှာ သွေးလွန်တုပ်ကွေးရောဂါ အများဆုံးဖြစ်တဲ့မြို့နယ်တွေကတော့ သရက်၊ မင်းတုန်း၊ ပခုက္ကူ၊ ပေါက်၊ ဂန့်ဂေါ၊ မြိုင်၊ တောင်တွင်း၊ မြို့သစ်မြို့နယ်တွေဖြစ်ပြီးတော့ ရောဂါဖြစ်ပွားသူ ၅၇၁ ဦးအနက် မြို့နယ်သုံးမြို့နယ်မှ ကလေးငယ် ၄ ဦးသေဆုံးခဲ့တယ်” လို့ ပြောပါတယ်။
ရောဂါဖြစ်ပွားမှုနှုန်း လျော့ကျအောင် မေ၊ ဇွန်၊ ဇူလိုင်၊ သြဂုတ်လတွေမှာ ရောဂါ ကာကွယ်ရေးလုပ်ငန်းတွေ ပညာပေးတာတွေလုပ်ဆောင်နေပြီး ၂၀၁၈ ခုနှစ်က တနိုင်ငံလုံး အတိုင်းအတာနဲ့ ဒုတိယအများဆုံးဖြစ်ပွားခဲ့ကာ အခုနှစ်မှာ အဆင့် ၅ နေရာထိ ဖြစ်ပွားမှုနှုန်း လျော့ကျခဲ့တယ်လို့ ဆိုပါတယ်။
သွေးလွန်တုပ်ကွေးရောဂါဟာ မနက် ၈ နာရီကနေ ညနေ ၃ နာရီအတွင်း ကိုက်တဲ့ ခြင်ကြောင့်အဖြစ်များပြီး ၁၅ နှစ်အောက်ကလေးတွေကို နေ့ခင်းဘက် ခြင်ကိုက်မခံရအောင်နဲ့ ပတ်ဝန်းကျင်သန့်ရှင်းရေးတွေ လုပ်ဆောင်ထားဖို့ လိုအပ်တယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။
မင်းထီး