A d v e r t i s e m e n t With Us

ကိုယ်ဝန်ဆောင်များအတွက်ထောက်ပံ့ကြေးကို အီလက်ထရောနစ်စနစ်ဖြင့် စတင်ငွေလွှဲပေး 

ကိုယ်ဝန်ဆောင်တွေနဲ့ ကလေးငယ်တွေကို အစိုးရက ငွေကြေးထောက်ပံ့ပေးနေတာမှာ အခုတော့ အီလက်ထရောနစ်စနစ်နဲ့ ငွေပေးပို့တဲ့စနစ်ကို ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှာ စတင်လိုက်ပါတယ်။ လူမှုဝန်ထမ်းဦးစီးဌာနက အကောင်အထည်ဖော်နေတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ အသက် ၂ နှစ်အောက်ကလေးတွေ အာဟာရပြည့်ပြည့်ဝဝရရှိစေရေးအတွက် ငွေကြေးထောက်ပံ့ရေး အစီအစဉ်ဟာ အာဟာရညွှန်းကိန်းနိမ့်တဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာ အဓိက ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ လူမှုဝန်ထမ်း ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်အိအိဖြိုးက “Electronic Cash Transfer  အစီအစဉ်ကို စစ်တွေမြို့နယ်မှာ Pilot Project (ရှေ့ပြေးအစီအစဉ်) အနေနဲ့ ပထမဆုံးလုပ်တာပါ။ အခု သြဂုတ်၊ စက်တင်ဘာမှာ ဒီစနစ်နဲ့ စပြီး ငွေပေးပါမယ်။ နောက် ဒီနှစ်မှ စပေးမယ့် ဧရာဝတီတိုင်းနဲ့ရှမ်းပြည်နယ်မှာလည်း ဧရာဝတီဘဏ်နဲ့ ကမ္ဘောဇဘဏ် မိုဘိုင်းလ်ငွေချေစနစ်တွေနဲ့ လာမယ့်စက်တင်ဘာလကစပြီး ပေးဖို့ စီစဉ်နေပါတယ်” လို့ ပြောပါတယ်။ စစ်တွေမြို့နယ်မှာပေးမယ့် အစီအစဉ်ကို Wave Money၊ Wave Pay တို့ကို သုံးပြီးငွေလွှဲပေးမှာဖြစ်ပြီး ဒါကို အခမဲ့ဝန်ဆောင်မှုပေးထားတယ်လို့ Wave Money က ဆိုပါတယ်။ ဒီအစီအစဉ်ကနေ လူပေါင်း ၁၂၀,၀၀၀ ကျော် အကျိုးခံစားနိုင်မယ်လို့လည်း ဆိုပါတယ်။ ဒေါ်အိအိဖြိုးက “ဒီအစီအစဉ်မှာတော့ Wave Money ကလွှဲသူ၊ ထုတ်သူ နှစ်ဘက်လုံးအတွက် အခမဲ့ပေးထားပါတယ်။ ဧရာဝတီတိုင်းနဲ့ ရှမ်းပြည်နယ်တို့အတွက်လည်း ဘဏ်တွေကနေ အသက်သာဆုံးနှုန်းထားနဲ့ စီစဉ်ပေးထားသလို ကုန်ကျစရိတ်ကိုတော့ ဌာနကနေ ကျခံမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။ လက်ရှိမှာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအပါအဝင် ပြည်နယ်နဲ့တိုင်း ၅ ခုက ကိုယ်ဝန်ဆောင်နဲ့ ကလေးငယ်တွေကို ထောက်ပံ့ပေးနေပြီး လူပေါင်း ၂ သိန်းကျော်တယ်လို့ သူက ပြောပါတယ်။ ဧရာဝတီတိုင်းနဲ့ ရှမ်းပြည်နယ်တို့မှာတော့ စာရင်းကောက်နေဆဲဖြစ်ပြီး ၁ သိန်းကျော်နိုင်တယ်လို့ ဆိုပါတယ်။ ဒီအစီအစဉ်ကို ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာ စတင်ခဲ့တာဖြစ်ပြီး ကိုယ်ဝန်ဆောင်မိခင် ဒါမှမဟုတ် အသက် ၂ နှစ်အောက်ကလေး တယောက်ကို တလ ကျပ် ၁၅၀၀၀ နှုန်းနဲ့ သက်ဆိုင်ရာ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးတွေကတဆင့် ၃ လတကြိမ်ထောက်ပံ့နေတာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up