Home
မြန်မာသတင်း
ကျားဖြူပါတီ SNDP ကိုယ်စားလှယ်လောင်း ၁၀၈ ဦး ရွေးကောက်ပွဲဝင်ပြိုင်မည် 
နန်းမြနဒီ
·
August 12, 2020
44878520_1114151698733912_6807228817166303232_n
လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ကျားဖြူပါတီလို့ လူသိများတဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ SNDP က  ကိုယ်စားလှယ်လောင်း ၁၀၈ ဦး မြို့နယ်ပေါင်း ၃၇ မြို့နယ်မှာ ပါဝင်ယှဉ်ပြိုင်သွားဖို့ ရှိနေပါတယ်။  ကိုယ်စားလှယ်လောင်း ၁၀၈ ဦးမှာ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်ရှိ မြို့နယ်ပေါင်း ၃၆ မြို့နယ်နဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ၂ နေရာမှာ ဝင်ပြိုင်ဖို့ လျာထားတယ်လို့ ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ဒီဗွီဘီကို ပြောပါတယ်။  “လောလောဆယ် ရွေးကောက်ပွဲကော်မရှင်ဆီ စာရင်းတင်ထားတဲ့ ကိုယ်စားလှယ်လောင်း စာရင်း ၁၀၈ ဦးရှိပါတယ်။ လွှတ်တော် ၃ ရပ်စလုံးရော၊ မန္တလေးတိုင်းနဲ့ ကချင်ပြည်နယ်က ရှမ်း တိုင်းရင်းသားရေးရာဝန်ကြီး ၂ နေရာဝင်ပြိုင်မယ်။ ကိုယ်စားလှယ်လောင်းထဲမှာ အမျိုးသမီး ၂၅ ရာခိုင်နှုန်းပါပါတယ်။ ပြီးတော့ လူငယ်ပိုင်း၊ လူလတ်ပိုင်းတွေများတယ်။ ကျနော်တို့ ခေါင်းဆောင်ပိုင်းတွေတော့ ဝင်မရွေးတော့ပါဘူး။ ကျနော်ရော၊ ဒုဥက္ကဋ္ဌ နှစ်ယောက်လုံးကော ဝင်မပြိုင်တော့ဘူး။ မျိုးဆက်သစ်လူငယ်တွေကို နေရာပေးတာပါ။ သူတို့လိုအပ်တာတွေကိုတော့ အနောက်ကနေ ပံ့ပိုးပေးသွားမှာပါ” ကိုယ်စားလှယ်လောင်းအမည်စာရင်းတွေကိုတော့ ရွေးကောက်ပွဲကော်မရှင်က စိစစ်နေဆဲ ဖြစ်လို့ အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်။ ကိုယ်စားလှယ်လောင်းတွေကို  ဘွဲ့ရသူ၊ ခေတ်ပညာတတ်သူ၊ ပြည်သူ့အကျိုးကိုဆောင်ရွက် ပေးတတ်သူ၊ အကျင့်စာရိတ္တကောင်းမွန်သူ၊ ဥပတိရုပ်ကောင်းသူ၊ တိုင်းပြည်နဲ့ လူမျိုးကို ချစ်မြတ်နိုးပြီး စိတ်ဓာတ်ကြံ့ခိုင်သူတွေကို အဓိကထားရွေးချယ်ကြောင်း၊ ပညာရေးမှာ အခြေခံပညာ အထက်တန်းဆင့်ထိသာရှိပေမယ့် အရည်အချင်းရှိသူတွေကိုလည်း ရွေးချယ်ထားတယ်လို့ ဆိုပါတယ်။  ကျားဖြူပါတီက ကိုယ်စားလှယ်တွေ အနိုင်ရရင် မဟာမိတ်တိုင်းရင်းသားပါတီတွေနဲ့ ညွှန့်ပေါင်းဖွဲ့ပြီး ရှမ်းပြည်နယ်အစိုးရဖွဲ့စည်းဖို့ ရည်ရွယ်ကြောင်း၊ မိမိပြည်နယ်မှာ အစိုးရဖြစ်မှသာ ပြည်နယ်ရဲ့ ဘက်စုံတိုးတက်ဖွံ့ဖြိုးရေးတွေကို အပြည့်အဝဆောင်ရွက်ပေးနိုင်မှာဖြစ်တယ်လို့ ဦးစိုင်း အိုက်ပေါင်းက ပြောပါတယ်။ ပါတီရဲ့ နိုင်ငံရေးရပ်တည်ချက်နဲ့ မူဝါဒကတော့ ပြည်သူကိုဗဟိုပြုတဲ့ ငြိမ်းချမ်းတဲ့နည်းနဲ့ ပြည်ထောင်စု ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံပေါ်ထွန်းရေး၊ တိုင်းရင်းသားအခွင့်အရေး တန်းတူညီမျှပြီး စည်းလုံးညီညွတ်ရေး၊ တိုင်းရင်းသားစာပေယဉ်ကျေးမှုကို ထိန်းသိမ်းမြှင့်တင်ရေး စတဲ့အချက်တွေ ပါဝင်ပါတယ်။ ကျားဖြူပါတီကို ၂၀၁၀ ဧပြီ ၈ ရက်မှာ စတင်ထူထောင်ခဲ့ပြီး ပါတီဥက္ကဋ္ဌက ဦးစိုင်းအိုက်ပေါင်း ဖြစ်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်နေရာ ၅၇ နေရာအနိုင်ရပြီး ပါတီဥက္ကဋ္ဌဟာလည်း ပြည်နယ်သစ်တောဝန်ကြီးဖြစ်ခဲ့ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာတော့ ပြည်နယ်လွှတ်တော်အမတ် ၁ နေရာသာ အနိုင်ရခဲ့ပါတယ်။  ဓာတ်ပုံ-SNDP
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024