Homeမြန်မာသတင်း
မကွေးမြို့နယ်၌ ရာသီဥတုဖောက်ပြန်သဖြင့် သီးနှံစိုက်တောင်သူများ ၃ နှစ်ဆက်တိုက် အရှုံးပေါ်
မကွေးမြို့နယ်၌ ရာသီဥတုဖောက်ပြန်သဖြင့် သီးနှံစိုက်တောင်သူများ ၃ နှစ်ဆက်တိုက် အရှုံးပေါ်
DVB
·
August 12, 2020
မကွေးတိုင်း၊ မကွေးမြို့နယ်၊ ကန်သာကြီးကျေးရွာမှာ သုံးနှစ်ဆက်တိုက် ရာသီဥတု ဖောက်ပြန်ပြီး သီးနှံတွေဆုံးရှုံးခဲ့လို့ တောင်သူ ၁၀၀ ကျော်လောက် စိုက်ပျိုးရေးလုပ်ရမှာကို စိုးရိမ်နေပြီး နိုင်ငံတော်နဲ့ NGO/INGO အဖွဲ့တွေရဲ့ အကူညီ လိုအပ်နေတယ်လို့ သိရပါတယ်။
ကန်သာကြီးရွာမှ ဒေသခံတောင်သူ ဦးဝင်းနိုင်က “ နိုင်ငံတော်က စိုက်ပျိုးစရိတ် ထုတ်ပေးထားတဲ့ ချေးငွေတွေနဲ့ ကိုဗစ်ချေးငွေတွေကို ပြန်မဆပ်နိုင်မှာကို စိုးရိမ်နေတယ်။ ပထမ စိုက်မိုးတမိုးရရှိလို့ ထွန်ယက်စိုက်ပျိုးကြပြီး သီးနှံတွေ အပွင့်ပွင့် အသီးသီးမယ့်အချိန်မှာ မိုးရွာသွန်းမှု မရှိတဲ့အတွက် သီးနှံတွေဆုံးရှုံးကာ ထွန်စက်နဲ့ ထိုးကော်ဖျက်ဆီးနေရပြီး တချို့ဆိုရင် ထွန်စက်ထိုးခ မတတ်နိုင်လို့ ငုတ်တုတ်ထိုင်နေရသူတွေလည်း ရှိနေတယ်။ ပြန်လည်ကုစားတဲ့ အနေနဲ့ မျိုးစေ့၊ မျိုးဆံနဲ့စိုက်ပျိုးရေးစရိတ်ထပ်မံထုတ်ပေးမှသာစိုက်ပျိုးနိုင်မယ့် အခြေအနေဖြစ်နေတယ်။”လို့ ပြောပါတယ်။
တောင်သူ တွေအနေနဲ့ ရာသီဥတုကို မျှော်ပြီးလုပ်ကိုင်ရတာဖြစ်လို့ နိုင်ငံတော်အစိုးရအနေနဲ့ မြစ်ရေတင် စီမံကိန်းလိုမျိုး ရေရရှိရေးနည်းလမ်းတွေ လုပ်ဆောင်ပေးမှာသာ ဆက်လက်ရပ်တည်နိုင်တော့မှာ ဖြစ်တယ်။
ကန်သာကြီးရွာမှ ဒေသခံတောင်သူ ဦးမြရှိန်က “အရင်တုန်းကဆိုရင် ကံသာကြီးကျေးရွာမှာ နွားကောင်ရေ ၄၀၀ ခန့်ရှိပြီးတော့ ရာသီဥတုဖောက်ပြန်ပြီး ကြွေးမြီတွေ ထိုးဆပ်ရတဲ့အတွက် နွားကောင်ရေ ၄၀ ခန့်သာ ကျန်တော့တဲ့အတွက် လယ်ထွန်စက်တွေ ငှားရမ်း ထွန်ယက်နေရတယ်။ သုံးနှစ်ဆက်တိုက် သီးနှံပျက်စီးဆုံးရှုံးထားတော့ သားသမီးတွေကို ယာလုပ်ခိုင်းတဲ့အင်အား မရှိတော့ဘဲ နွားတွေလည်းပြုတ်၊ ယာတွေကလည်း ပေါင်နှံလို့ မရတာကြောင် စိုက်ပျိုးရေ ရရှိအောင် ဆောင်ရွက်ပေးဖို့ တောင်းဆိုချင်တယ်” လို့ ပြောပါတယ်။
တောင်သူတွေအနေနဲ့ မြေပဲ၊ နှမ်း တစ်ဧကကို စိုက်ပျိုးစရိတ် ကျပ် ၂ သိန်းလောက် ကုန်ကျပြီး သီးနှံဆုံးရှုံးတဲ့အတွက် တောင်သူတစ်ဦးကို ကျပ် သိန်း ၂၀ လောက် အရှုံးပေါ်ကာ နောက်ထပ် သီးနှံစိုက်ပျိုးဖို့ အခက်အခဲ ဖြစ်နေတာလို့ ဒေသခံတောင်သူတွေထံက ပြောပါတယ်။
သတင်း - မင်းထီး