A d v e r t i s e m e n t With Us

မိုးကုတ်မြို့တွင် ကျောက်တွင်းဟောင်းပြိုကျပြီး လူ ၁ ဦးသေဆုံး

မိုးကုတ်မြို့က ကျောက်မျက်တူးဖော်ရေး အကွက်ဟောင်းတစ်ခုဖြစ်တဲ့ ဓာတ်တော်ပြန့် လုပ်ကွက်မှာ ဩဂုတ် ၁၁ ရက်နေ့ ညနေပိုင်းက ကျောက်တွင်းပြိုကျပြီး လူတစ်ဦးသေဆုံး ခဲ့ပါတယ်။ ကျောက်တွင်းပြိုကျမှုကြောင့် လုပ်သား ၃ ဦးမှာ ပိတ်မိနေခဲ့ပြီး ၂ ဦးကတော့ အသက်ရှင်လျှက် ကယ်တင်နိုင်ခဲ့ပါတယ်။ ကျန် ၁ ဦးကတော့ ပိတ်မိနေတဲ့တွင်းထဲမှာပဲ ရွှံနွံနဲ့ ကျောက်ခဲတွေပိမိ  သေဆုံးနေတာလို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မိုးကုတ်) ပြန်ကြားရေးတာဝန်ခံ ကိုဟိန်းထက်မောင်က ပြောပါတယ်။ "တွင်းဟောင်းမှာ မတော်တဆဖြစ်သွားတာ၊ ‌မိုးကလည်း ရွာတယ်။ တွင်းထဲ သုံးယောက် ပိတ်မိ‌နေတာ။ နှစ်ယောက်ကတော့ ကယ်နိုင်ခဲ့တယ်၊ ကျန်တစ်ယောက်ကတော့ အသက် မရှိတော့ဘူး။ အလောင်းကို ညတွင်းချင်း ခဲခဲယဉ်းယဉ်း ဆွဲထုတ်ယူရတယ်"  သေဆုံးသွားသူဟာ လီဆူးတိုင်းရင်းသား အသက် ၃၀  အရွယ်ရှိတဲ့ ဘီလူးနား (ခ) အား လိုဆိုသူဖြစ်တယ်လို့ သိရပါတယ်။ သေဆုံးသွားသူကိုတော့ အဲဒီညမှာပဲ မိုးကုတ်မြို့ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံကို ပို့ဆောင်ထားပါတယ်။ မိုးကုတ်မြို့မှာ ၂၀၂၀ ပြည့်နှစ်အတွင်း အခုလို တွင်းပြိုကျတဲ့ ဖြစ်စဉ်ပေါင်း ၅ ကြိမ်လောက် ဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။ သတင်း- ရန်နိုင်စိုး

A d v e r t i s e m e n t With Us

More News
Up