Home
မြန်မာသတင်း
တပ်မတော်က ဖမ်းဆီးထားသူ ၁ ဦးကို ကျောက်ဖြူရဲစခန်း၌ လက်နက်မှုဖြင့် အမှုဖွင့်
DVB
·
August 11, 2020
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မြင်းပြင်ကျေးရွာနေ ဦးချက်ကြီးဆိုသူကို တပ်မတော်က ဖမ်းဆီးထားပြီး နှစ်လကျော်အကြာမှာ လက်နက်မှုနဲ့ အမှုဖွင့်လှစ်လိုက်ပါတယ်။  ဇွန်လ ၂ ရက်နေ့က တပ်မတော်စစ်ကြောင်းတစ်ခုက ဦးချက်ကြီးရဲ့ နေအိမ်ရှေ့လှေကား အောက်နားမှာ ချိတ်ဆွဲထားတဲ့ ပစ္စည်းတစ်ခုကိုတွေ့ရှိခဲ့ ပြီးနောက် သူ့ကို ဖမ်းဆီးခေါ်ဆောင်သွား ခဲ့တာပါ။ သြဂုတ် ၇ ရက်  ညနေမှာတော့ ဦးချက်ကြီးကို ကျောက်ဖြူမြို့မရဲစခန်းကို လွှဲပြောင်းပေးခဲ့ပြီး နောက်တော့ လက်နက်များအက်ဥပဒေ ပုဒ်မ-၁၉(စ)နဲ့ အမှုဖွင့်ထားတယ်လို့ ကျောက်ဖြူမြို့မရဲ စခန်းမှူး ဒုရဲမှူး ကျော်ဇောက ပြောပါတယ်။ “၇ ရက်နေ့က လာလွှဲတာ၊ လက်နက် ပုဒ်မ-၁၉(စ)နဲ့၊ သူ့အိမ်မှာ ဗုံးသီးတစ်လုံးတွေ့လို့၊ သူ့နေအိမ်ရှေ့လှေကားမှာ ဗုံးနဲ့တွေ့တာ၊ တခြားဟာတွေတော့ မပါဘူး။” ဦးချက်ကြီးဟာ နေအိမ်မှာ စျေးဆိုင်ဖွင့်လှစ်ရောင်းချနေသူဖြစ်ပြီး လွန်ခဲ့တဲ့ ၁ နှစ်ကျော်က ပင်လယ်ကမ်းစပ်အနီး အမည်မသိပစ္စည်းတစ်ခုကို ကောက်ယူခဲ့ပြီး နေအိမ်ရှေ့ လှေကားရင်းအနီး ချိတ်ဆွဲထားခဲ့တာမှာ ဇွန်လ ၂ ရက်နေ့က တပ်မတော်စစ်ကြောင်း တစ်ခုမှ စျေးလာဝယ်ယူစဉ်တွေ့မြင်ခဲ့ပြီးနောက် စစ်ဆေးဖို့ခေါ်ဆောင်သွားခဲ့တာပါ။ ဦးချက်ကြီးမှာ တပ်မတော်က ဖမ်းဆီးခေါ်ယူသွားစဉ်ကတည်းက မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရခဲ့သလို ကျန်းမာရေးမကောင်းသူဖြစ်လို့ မိသားစုဝင်တွေ အနေနဲ့ စိုးရိမ်ခဲ့ရပြီး တလကျော်ကြာပြီးမှ ရဲစခန်းကိုလွှဲပြောင်းပြီး အမှုဖွင့်လှစ်ခံရတာပါ။ ဦးချက်ကြီးရဲ့ညီမဖြစ်သူ ဒေါ်သန်းအေးက “ကျမအစ်ကိုက လွန်ခဲ့တဲ့ တစ်ကျော်လောက်က ပင်လယ်ကမ်းစပ်နားကနေပြီးတော့ ပစ္စည်းတစ်ခုကောက်လာပြီးတော့ သူရဲ့အိမ်ရှေ့လှေကား တက်တဲ့နားမှာ ချိတ်ထားတယ်။ အဲဒါကို ရွာကိုရောက်နေတဲ့ ၃၄ တပ်က စစ်သားတွေကနေ ပြီးတော့ အိမ်မှာစျေးလာဝယ်တဲ့အချိန်မှာ မြင်သွားပြီးတော့ စစ်ကြည့်တော့ ဗုံးဆိုပြီးပြောတယ်။ သူတို့စျေးလာဝယ်တဲ့အချိန်မှာလည်း ကျမအစ်ကိုတို့  လင်မယားကမရှိဘူး။ သူတို့က ခေါ်ခိုင်းလို့ ရောက်လာတဲ့အချိန်မှာ ကျမအစ်ကိုချိတ်ထားတဲ့ဟာက ဗုံးဖြစ်တဲ့အတွက် စစ်ဆေးရမယ်ဆိုပြီး ခေါ်သွားတာ၊ မြင်းပြင်စခန်းမှူးနဲ့ ရွာလူကြီးလည်းပါလာပြီး ရွာလူကြီးက ပင်လယ်နားက ကောက်ယူလာတယ်လို့ ပြောတာတောင်မရဘူး၊ သူတို့ခေါ်သွားကတည်းက မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရဘူး။ ကျမအကိုဆိုရင် ကျန်းမာရေးကောင်းတဲ့သူမဟုတ်ဘူး၊ အရင်ကတည်းက ဗိုက်ခွဲထားရတယ်၊ သူရဲ့ခြေထောက်ကလည်း လွန်ခဲ့တဲ့ ၃ နှစ်လောက်က အက်ဆီးဒင့်ဖြစ်ပြီးတော့ စတီးရိုးထည့်ထားရတာ ဆိုတော့ အရမ်းကိုစိုးရိမ်ခဲ့ရတာပေါ့။ အဲဒါ နှစ်လကျော်လောက် ဖမ်းထား ပြီးတော့မှ အမှုထပ်ဖွင့်တယ်ဆိုတော့ အရမ်းကိုစိတ်မကောင်းဖြစ်မိတယ်။ အမြန်ဆုံးပြန်လွှတ်ပေးဖို့ ကိုလည်း တောင်းဆိုချင်ပါတယ်”လို့ ပြောပါတယ်။ ကျောက်ဖြူခရိုင်မှာ ၂၀၂၀ မေလနောက်ပိုင်းမှာ အေအေနဲ့ဆက်စပ်တယ်လို့ ဆိုကာ တပ်မတော်က သံသယနဲ့ ဖမ်းဆီးခဲ့သူ ၅၀ ကျော်ထိရှိလာနေပြီး တချို့ကို ပြန်လည်လွှတ်ပေးလိုက်ကာ ၂၀ ကျော်ကိုတော့ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနဲ့အမှုဖွင့်လှစ် ထားပါတယ်။ သတင်း- နောင်နောင်

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024