A d v e r t i s e m e n t With Us

အမေရိကန်ကျန်းမာရေးဝန်ကြီး ထိုင်ဝမ်သို့ ရောက်ရှိ၊ ကိုဗစ်-၁၉ ကပ်ဘေးကိုင်တွယ်ပုံ ချီးကျူး

ထိုင်ဝမ်အစိုးရအပေါ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ခိုင်ခိုင်မာမာ ထောက်ခံကြောင်းနဲ့ ထိုင်ဝမ်သမ္မတ ချိုင်အင်းဝမ်အစိုးရက ကိုဗစ်-၁၉ ကူးစက်ကပ်ဘေးကို တုံ့ပြန်ပုံဟာ ကမ္ဘာ့အကောင်းဆုံးတွေထဲက တရပ်ပဲလို့ အမေရိကန် ကျန်းမာရေးဝန်ကြီး အဲလက်စ်အက်ဇာက ထိုင်ဝမ်ခရီးစဉ်အတွင်း သြဂုတ် ၁၀ ရက်က ပြောလိုက်ပါတယ်။ အက်ဇာဟာ ထိုင်ဝမ်ကို သြဂုတ် ၉ ရက်က ရောက်လာတာဖြစ်ပြီး နှစ် ၄၀ အတွင်း ထိုင်ဝမ်ကို လာတဲ့ အဆင့်မြင့်ဆုံး အမေရိကန်အရာရှိလည်း ဖြစ်ပါတယ်။ ဒီခရီးစဉ်ကို တရုတ်အစိုးရက ဆန့်ကျင်ရင်း ပြစ်တင်ရှုတ်ချပြီး လက်တုံ့ပြန်မယ်လို့ ပြောတဲ့အတွက် တရုတ်-အမေရိကန် ဆက်ဆံရေးကို ပိုဆိုးစေခဲ့တာပါ။ အက်ဇာကတော့ ကမ္ဘာ့ကပ်ရောဂါတိုက်ဖျက်ရေး နိုင်ငံတကာအခန်းကဏ္ဍမှာ ထိုင်ဝမ်ကို ပံ့ပိုးဖို့နဲ့ စီးပွားရေးနဲ့ ပြည်သူ့ကျန်းမာရေးကဏ္ဍတွေမှာ ထိုင်ဝမ်နဲ့ ပူးပေါင်းဆောင်ရွက်မှု အားဖြည့်ဖို့ လာရောက်လည်ပတ်တာလို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ ထိုင်ဝမ်ရဲ့ ကိုဗစ်-၁၉ ကပ်ရောဂါတိုက်ဖျက်ရေး ထိရောက်တဲ့ ခြေလှမ်းတွေကြောင့် အိမ်နီးချင်းနိုင်ငံတွေထက် ကူးစက်မှု အများကြီး နိမ့်ခဲ့တာပါ။ ကူးစက်ခံ အများစုက နိုင်ငံခြားပြန်တွေဖြစ်ပြီး ကူးစက်ခံအတည်ပြုလူနာ ၄၈၀ သာ ရှိခဲ့ပါတယ်။ ထိုင်ဝမ်ဟာ တရုတ်ရဲ့ ကန့်ကွက်ချက်ကြောင့် WHO အဖွဲ့ဝင် မဖြစ်ခဲ့ပေမဲ့ ကမ္ဘာ့ကျန်းမာရေး ညီလာခံမှာ အဖွဲ့ဝင်အဖြစ် တက်ရောက်ခွင့်ရဖို့ အမေရိကန်ဆီက ထောက်ခံချက်ရခဲ့လို့ ထိုင်ဝမ်က ကျေးဇူးတင်နေတာလည်း ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up