A d v e r t i s e m e n t With Us

အိုဇေးလ်ကို နစ်နာကြေးပေးပြီး အသင်းကနေ ဖယ်ရှားရန် အာဆင်နယ် ကြိုးပမ်း

အသင်းရဲ့လစာအများဆုံး ကစားသမားဖြစ်သူ အိုဇေးလ်ကို နစ်နာကြေး အမြောက်အမြားပေးကာ အသင်းကနေ ထွက်ခွာသွားဖို့အရေး ဆွေးနွေးဖို့ အာဆင်နယ်အသင်း တာဝန်ရှိသူတွေက စီစဉ်နေတယ်လို့ Metro သတင်းမှာ ဖော်ပြပါတယ်။ ကွင်းလယ်ဖန်တီးရှင် အိုဇေးလ်ဟာ နည်းပြသစ် အာတေတာ အသင်းကို ရောက်ရှိလာချိန်မှာ ပုံမှန်ပွဲထွက်ခွင့်ကို ရရှိခဲ့ပြီး ခြေစွမ်းပြကစားနိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ်ကို ပြန်လည်စတင်ခဲ့ပြီးနောက်မှာတော့ ပွဲထွက်ခွင့်ရရှိဖို့ ရုန်းကန်ခဲ့ရပါတယ်။ ပရီးမီးယားလိဂ်ကို ပြန်လည်စတင်ချိန်ကတည်းက အိုဇေးလ်ဟာ အသင်းအတွက် ၁ ပွဲမှ ကစားခွင့်မရခဲ့သလို ချဲလ်ဆီးနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ အက်ဖ်လေဖလား ဗိုလ်လုပွဲမှာလည်း လူစာရင်းမှာ ပါဝင်ခဲ့ခြင်း မရှိပါဘူး။ အာတေတာကတော့ သူ့နောက်ကျောဒဏ်ရာကြောင့်လို့ ထုတ်ပြန်ထားပါတယ်။ အိုဇေးလ်ဘက်ကတော့ သူဟာ အသင်းအတွက် ကစားပေးဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောဆိုထားပါတယ်။  အသက် ၃၁ နှစ်အရွယ် အိုဇေးလ်ဟာ တပတ်ကို ပေါင် ၃၅၀,၀၀၀ ရရှိနေသူဖြစ်ပြီး ကိုဗစ်ကာလအတွင်း လစာလျှော့ယူဖို့ကိစ္စကိုလည်း အသင်းဖော်တွေနဲ့အတူ ငြင်းဆန်ခဲ့သူ ဖြစ်ပါတယ်။  သူဟာ အာဆင်နယ်အသင်းနဲ့ စာချုပ် ၁ နှစ်ကျန်ရှိနေသေးသူဖြစ်ပြီး အသင်းနဲ့ နောက်ရာသီမှာ လုံးဝကစားခွင့်မရဘူးဆိုရင်တောင် လစာအပြည့်အဝခံစားခွင့်ရှိနေသေးသူ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းဘက်ကတော့ အိုဇေးလ်ကို ခေါ်ယူမယ့်အသင်းကို ရှာဖွေနေပြီး MLS နဲ့ တူရကီကလပ်တွေက သူ့ကို စိတ်ဝင်စားနေပေမယ့် အခုချိန်ထိတော့ ကမ်းလှမ်းတာမျိုး မရှိသေးပါဘူး။  ဒါ့ကြောင့် အသင်းဘက်က သူ့ကို နစ်နာကြေးသဘောမျိုးပေးပြီး အသင်းကနေ ထွက်ခွာအောင် ဆောင်ရွက်ဖို့ ကြိုးစားနေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပြီး ပေါင် ၁၈ သန်းအောက် လျော့တဲ့ပမာဏနဲ့ ကမ်းလှမ်းသွားဖို့ ရှိနေပါတယ်။  အာဆင်နယ်အသင်းဟာ ကစားသမားသစ်တွေ ခေါ်ယူဖို့အတွက် ဘဏ္ဍာငွေ လိုအပ်နေတာကြောင့် နောက်တစ်မျိုးအနေနဲ့ အိုဇေးလ်သာ အသင်းပြောင်းမယ်ဆိုရင် သူ့ရဲ့ ပေါင် ၃၅၀,၀၀၀ လစာရဲ့ အစိတ်အပိုင်းတချို့ကို အသင်းဘက်က အကုန်အကျခံသွားဖို့နည်းနဲ့လည်း ကမ်းလှမ်းသွားမယ့်သဘော ရှိနေပါတယ်။ အာဆင်နယ်အသင်းဟာ ကိုဗစ်ကာလအတွင်းမှာ ဘဏ္ဍာရေးဆိုင်ရာ ထိခိုက်မှုရှိခဲ့ပြီး အသင်းကို အင်အားဖြည့်တင်းဖို့အတွက် ကစားသမားအသစ် ခေါ်ယူဖို့ ငွေကြေးအင်အား လိုအပ်နေသလို လက်ရှိအသင်းရဲ့ လစာပေးချေနေရမှုကို လျှော့ချဖို့ ကြိုးစားနေတာကြောင့် အိုဇေးလ်ကို စာချုပ်သက်တမ်းမကုန်ခင် ရောင်းထုတ်သွားဖို့ ဆန္ဒရှိနေတာလည်း ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up