ဝေဖန်မှုများကြောင့် ဒစ္စနေးဝေါလ်ဒ် အပန်းဖြေကစားကွင်း လည်ပတ်ချိန် လျှော့ချမည်

သိပ်မကြာခင်ကမှ ပြန်လည်ဖွင့်လှစ်ထားတဲ့ ဒစ္စနေးဝေါလ်ဒ် အပန်းဖြေကစားကွင်း ၄ ခုကို လည်ပတ်ချိန်တွေ ပြန်လည်လျှော့ချသွားမယ်လို့ သိရပါတယ်။
ဒီအပန်းဖြေဥယာဉ်နဲ့ ကစားကွင်းတွေကိုတော့ ကိုဗစ်-၁၉ ရောဂါကပ်ဘေးကြောင့် မတ်လကတည်းက လနဲ့ချီပိတ်ထားခဲ့ရပြီးနောက် ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကတော့ ကျန်းမာရေးဆိုင်ရာ ဘေးကင်းလုံခြုံမှုစည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ပြန်လည်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ စည်းမျဉ်းစည်းကမ်းတွေထဲမှာ ဒစ္စနေးဝန်ထမ်းတွေအပါအဝင် လာရောက် လည်ပတ်ကြသူတွေအနေနဲ့ နှာခေါင်းစည်း Mask တပ်ဆင်လာရမှာတွေ၊ ခန္ဓာကိုယ်အပူချိန် တိုင်းတာတာတွေ၊ လူမှုအလှမ်းခွာစည်းမျဉ်းနဲ့ လမ်းသွားလာရင်း စားသောက်တာမျိုးတွေနဲ့ ထိန်းချုပ်ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။
လတ်တလောမှာတော့ နောက်တဆင့် ကျန်းမာရေးဆိုင်ရာ ထိန်းချုပ်မှုအနေနဲ့ အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်ထဲက အပန်းဖြေကစားကွင်း ၄ ခုမှာ လည်ပတ်ချိန်တွေ လျှော့ချမှုကို လာမယ့် စက်တင်ဘာလ ၈ ရက်နေ့မှာ စတင်သွားမယ်လို့ ဆိုပါတယ်။
လည်ပတ်ချိန်တွေ လျှော့ချမှုလုပ်သွားမယ့် ဒစ္စနေးဝေါလ်ဒ် အပန်းဖြေကစားကွင်း ၄ ခုကတော့ Magic Kingdom ၊ Disney's Hollywood Studio ၊ EPCOT နဲ့ Disney's Animal Kingdom တို့ ဖြစ်ကြပြီး တရက်ကို ၁ နာရီကနေ ၂ နာရီထိ လျှော့ချသွားမှာ ဖြစ်ကာ ဒီအချိန်ဇယားသစ်အရ လာမယ့် အောက်တိုဘာလအထိ ဆက်သွားမှာလို့လည်း ဆိုပါတယ်။
ဒစ္စနေးကတော့ ကိုဗစ်-၁၉ ဂယက်ကြောင့် အပန်းဖြေကစားကွင်းတွေ ပိတ်ထားခဲ့ရတဲ့အတွက် အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံ အရှုံးပေါ်ခဲ့တယ်လို့ ထုတ်ပြန်ထားတာပါ။
ဒစ္စနေးအနေနဲ့ ကျန်းမာရေးနဲ့ လုံခြုံမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းအသစ်နဲ့အညီ ပြန်ဖွင့်လိုက်တာဖြစ်ပေမယ့် ဖွင့်လှစ်ချိန်စောလွန်းတဲ့အပေါ် ဝေဖန်မှုတွေနဲ့လည်း ရင်ဆိုင်ခဲ့ပါတယ်။